ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့အထိ လျှပ်စစ်မီးမရရှိသေး

မေ၊ ၂၃

 အားကောင်းတဲ့  ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကျရောက်ခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့ လက်ရှိအချိန်ထိလျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းနဲ့ လျှပ်စစ်မီးသီးတွေကို ကျပ်တထောင်အထိပေးပြီး အားသွင်းနေရတာတယ်လို့ ဒေသခံတွေကပြောပါတယ်၊၊

‘’စစ်တွေက မြို့နယ်အတော်များများမှာတော့လျှပ်စစ်မီးမရသေးပါဘူး။ နောက်ထပ် ခုနှစ်ရက်၊ ရှစ်ရက် ကြာမယ်ကြားတယ်’’ လို့စစ်တွေဒေသခံဒေါ်လှဖြူက ပြောပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်းက  လျှပ်စစ် မီးတိုင်တွေ လဲတာ၊ မီးကြိုးတွေပြတ်တောက်ပြီး ထဲကစစ်တွေမြို့ နေရာတော်တော်များများမှာ  လျှပ်စစ်မီးတွေ ပြတ်တောက်သွားလို့ ဒေသခံတွေဟာ ဖုန်း၊ ပါဝါဘန့် နဲ့ လျှပ်စစ်မီးလုံးတွေကို ငွေကြေးပေးပြီး အားသွင်းနေရပါတယ်။

‘’ အချို့တွေလည်း ဆိုလာဝယ်သုံးကြပါတယ်၊၊ မတတ်နိုင်တဲ့သူတွေကို   မီးလုံးတွေနဲ့ ဖုန်းတွေကို အားသွင်းဖို့ မီးစက်နဲ့ ပေးတယ်၊ ဖုန်းတလုံးကို တထောင် ၊ပါဝါဘန့်တလုံးကို တထောင့်ငါးရာကနေ နှစ်ထောင် အဲ့လိုပေးရတယ်၊ မီးလုံးတွေဆိုလည်း  ငါးရာ၊ တထောင်ပေးသွင်းရတယ်၊၊ သူတို့ကလည်း မီးစက်က ဆီဖြည့်ရတော့ ဆီဈေးနဲ့ ဒီလိုသတ်မှတ်တာလို့ပြောတယ်၊ မီးမရတာထက် အခုလိုလေး ရနေတော့ အဆင်ပြေတယ်လေ” စစ်တွေဒေသခံ ဒေါ်လှဖြူကပြောပါတယ်၊၊

ဒါ့အပြင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့  ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေထဲက တမြို့ဖြစ်တဲ့ ရှေးဟောင်းဘုရားစေတီတွေရှိတဲ့ မြောက်ဦးမြို့နယ်မှာလည်း  လျှပ်စစ်မီးပြတ်တောက်နေ ဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 “ဘုန်းဘုန်းတို့ဆီမှာ လတ်တလော မီးမရသေးပါဘူး၊ ရေလည်းမရဘူး။ လတ်တလောတော့ ရန်ကုန်က ဒကာတွေက မီးစက်လှူထားတော့ ဘုန်းဘုန်းကျောင်းကဘဲ မီးစက်နဲ့ ဖုန်းအားသွင်းတာ၊ သူတို့ မီးလုံးတွေ လာသွင်းတာခွင့်ပြုထားတယ်၊၊ ရေကတော့ ရေတွင်းတွေဆီသွားခပ်သုံးကြရတယ် ၊ မြို့နယ်ထဲ လျှပ်စစ်မီးတိုင်တွေပြင်နေပေမယ့်ရွာဘက်က ကြာအုံးမယ်ထင်တယ် ‘’လို့ မြောက်ဦးဆရာတော်က မိန့်ပါတယ်၊၊

အဲဒီလို လျှပ်စစ် မီးတာရှည်ပျက်တာကြောင့် လျှပ်စစ်မီးနဲ့ ဆက်စပ်တဲ့ အားသွင်းအသုံးပြုရတဲ့ လျှပ်စစ်မီးသီးအပါအဝင် အီလက်ထရောနစ် ပစ္စည်းတွေဈေးတက်နေသလို ဝယ်ယူရခက်ခဲနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းထဲက မြို့နယ်အများအပြားမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး အဲ့ဒီထဲ   စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောတို့လည်း ပါဝင်နေပါတယ်။

ရခိုင်ပြည်မှာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း

‘မိုခါ ‘တိုက်ခတ်ပြီးနောက် ဒေသအတွင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မြို့နယ် အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေ အသီးသီး လုပ်ဆောင်နေပေမယ့် ထိရောက်မှု ရာခိုင်နှုန်းနည်းနေသေးတယ်လို့  ပရဟိတအဖွဲ့တွေက ထောက်ပြကြပါတယ်၊၊

ရခိုင်ပြည်နယ်အတွင်းက ဒေသတွေအတွက်  လျှပ်စစ်မီး အမြန်ပြန်လည်ရရှိရေးအတွက် ပြည်မကခေါ်ယူထားတဲ့ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း  ၁၀၂၀ လောက်နဲ့ဒေသတွင်း ပြုပြင်မွမ်းမံရေးတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက မေလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရခိုင်က မြို့နယ်အများစုမှာ လျှပ်စစ်မီးမရသေးတဲ့အပြင် မီးသွေးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ စျေးတက်လာတာကြောင့် ဒေသခံတွေဟာ ထင်းနဲ့ သစ်ကိုင်းခြောက်တွေကို အားကိုးနေရတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

“လျှပ်စစ်မီးမရသလို၊ မီးသွေးတို့ ဂတ်စ်တို့ကလည်းစျေးတက်တော့ မတတ်န်ိုင်ဘူးလေ၊ သစ်ကိုင်းခြောက်တွေ၊ ထင်းတွေကို လိုက်ကောက်၊ ခုတ်၊ နေလှန်းပြီး ထမင်း၊ဟင်းတွေ ချက်ကြရတယ်”လို့ စစ်တွေမြို့နေ အရီးဖြူဆိုပါတယ်။