မေ၊ ၂၂
အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ အဲ့ဒီဆုရွေးချယ်ရေးအဖွဲ့က ချီးမြှင့်တဲ့ ဆုငွေအမေရိကန်ဒေါ်လာတသောင်းကို CDM ဝန်ထမ်းတွေအတွက် NUG အစိုးရကတဆင့် ပြန်လည်လှူဒါန်းလိုက်ပါတယ်။
၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်စ်မြို့မှာ မနေ့ကညနေပိုင်းက ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်ခံထားရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် ဆုတက်ရောက်လက်ခံခဲ့ပါတယ်။
” ဒီဆု ကျွန်တော့်ကိုပေးအပ်တယ်၊ ဒါပေမယ့်ကျွန်တော်ခံယူတာက ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေ၊ အထူးသဖြင့် CDM တွေ ဒီတော်လှန်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတဲ့လူတွေ အဲဒီလိုလူတွေအတွက်ပေးတယ်လို့ ကျွန်တော်ခံယူပါတယ်၊ ဒါကြောင့် ဒီဆုဟာ ပြည်သူတွေကိုပေးတဲ့ဆုပါ ” လို့ သံအမတ်ကြီးက ပြောပါတယ်။
မနေ့ကဆုပေးပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို လက်ခံရယူခဲ့ပေမယ့် ဆုကြေးငွေ အမေရိကန်ဒေါ်လာတသောင်းကိုတော့ ကိုယ်တိုင်လက်ခံရယူခဲ့တာမျိုးမရှိဘဲ သူ့ရဲ့ဆန္ဒအရ NUG အစိုးရကတဆင့် CDM ဝန်ထမ်းတွေအတွက် ဆက်လက်လှူဒါန်းမှာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာခဲ့ပါတယ်။
အဲ့ဒီဆုပေးပွဲကို NUG အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်တို့အပါအဝင် သံဃာတော်တချို့နဲ့ ပြည်ပရောက်မြန်မာတွေ တက်ရောက်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေလည်း ကြွေးကြော်ခဲ့ကြပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၀၉ ခုနှစ်ကတည်းစတင်ကာ လူမှုရေးတွေမှာ ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာလူ့အဖွဲ့အစည်းထဲက လူပုဂ္ဂိုလ်တွေကို ရွေးချယ်ဆုပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ၁၄ ကြိမ်မြောက်အဖြစ် ဆုပေးအပ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် အဓိကဆုတွေ နှစ်စဉ်ပေးတဲ့အပြင် အလျင်းသင့်သလို အခြားဆုတွေပါ ထည့်သွင်းပေးလေ့ရှိပေမယ့် အခုနှစ်မှာတော့ မြန်မာပြည် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် ပြည်သူ့ဂုဏ်ရည်ပင်မဆု တခုတည်းကိုသာ ရွေးချယ်ဂုဏ်ပြုခဲ့တာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ပြောပါတယ်။
၂၀၂၁ခုနှစ်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ နှစ်စဉ် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေအဖြစ် ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ် ရည်ဆုကို “ နွေဦးတော်လှန်ရေး ” လှုပ်ရှားမှုတခုလုံးအတွက် ရည်ရွယ်ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီနှစ်အတွက် ဆုကြေးငွေကိုလည်း တော်လှန်ရေးလှုပ်ရှားမှုထဲက လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့အသီးသီးကို ဂုဏ်ပြုချီးမြှင့်ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပြည်သူ့ဂုဏ်ရည်အသင်း