မေ၊ ၂၂
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တပ်ရင်း (၁၁)က ဗိုလ်ကြီး စောဘွဲ့မှူးရဲ့ ဖိတ်ခေါ်ချက်အရ သွားရောက်တွေ့ဆုံပြီးနောက် အပြန်လမ်းမှာ နှစ်ကြိမ်တိုင်ချောင်းမြောင်းပစ်ခတ်ခံရတာကြောင့် လေးဦးသေဆုံးသွားသလို ပျောက်ဆုံးနေတဲ့ တပ်ဖွဲ့ဝင်ငါးဦးကို သုံးပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)က ပြောပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီဒေသတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၁ ဦးဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း (၁၁)က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက်မနက်ပိုင်းမှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း နှစ်ကြိမ်ပစ်ခတ်ခံခဲ့ရတာပါ။
အဲဒီလိုပစ်ခတ်တာကြောင့် မွန်ပြည်ကာကွယ်ရေးတပ်က တပ်ခွဲမှူးတဦး၊ တပ်သား နှစ်ဦးနဲ့ အရပ်သားယာဥ်မောင်းတဦး သေဆုံးခဲ့ပြီး သေနတ်မျိုးစုံ ၉ လက် သိမ်းဆည်းခံခဲ့ရတဲ့အပြင် တပ်ဖွဲ့ဝင်ငါးဦးနဲ့ပါ အဆက်သွယ်ပြတ်တောက်သွားခဲ့တာ ဒီကနေ့အထိဖြစ်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF တွဲဖက်အတွင်းရေးမှူးကတော့ တပ်ဖွဲ့ဝင်တွေကို မြေပြင်မှာ စုံစမ်းရှာဖွေဖို့ အခက်အခဲတွေရှိနေတယ်လို့ DNA ကို ပြောပါတယ်။
” သူတို့ နယ်မြေထဲဖြစ်နေတော့ ကျနော်တို့ဘက်က လွတ်လွတ်လပ်လပ် လိုက်ရှာလို့လည်းမရဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို တွေ့ရလား၊ ဒါမှမဟုတ် အလောင်းကိုတွေ့ရလားဆိုတာကို ရွာသားတွေကိုပဲ ဆက်သွယ်ပြီး လိုက်မေးနေရတယ်။ အသက်ရှင်ရက် ရှိသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မသေချာတော့ဘူး။ အရင်ကျသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းလည်း ကျနော်တို့ ပြန်မရလိုက်ဘူး” လို့ သူကဆိုပါတယ်။
ပစ်ခတ်မှုအတွက် MSDF က KNLA တပ်ရင်း (၁၁)ရဲ့ တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲထားပြီး အခုလို ပစ်ခတ်မှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ KNU ဗဟို၊ KNU တပ်မဟာ ၄ စစ်ရုံးတို့ကို ဆက်သွယ်ထားပေမယ့် တစုံတရာထူးခြားမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။
” KNU ဗဟိုရုံးကို ဆက်သွယ်အကြောင်းကြားတာ သုံးကြိမ်ထက်မနည်းရှိပြီ၊ ဘာမှ အကြောင်းပြန်မလာသေးဘူး၊ ခေါင်းဆောင်အပိုင်းတွေကိုလည်း ဖုန်းဆက်တာ မရဘူး။ တပ်မဟာ ၄ စစ်ရုံးကို ဆက်သွယ်အကြောင်းကြားတော့ တပ်မဟာမှူးဆီ တိုင်ကြားစာ ပို့ပေးထားပြီးပြီလို့ မေလ ၆ ရက်နေ့ညက အကြောင်းပြန်လာတယ်၊ နောက်ထပ်တော့ ဘာမှအကြောင်းမပြန်သေးဘူး။ ဒါက သေမှုသေခင်းဖြစ်လို့ တာဝန်ရှိတဲ့သူတွေ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” လို့ MSDF တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။
ဒါ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ မေလ ၄ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဆီ စာပို့ထားပြီး စာလက်ခံရရှိကြောင်း အကြောင်းပြန်ပေမယ့် အခြားတစုံတရာ ထပ်အကြောင်းပြန်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးက တစုံတရာမထုတ်ပြန်သေးသလို Delta News Agency က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့တဲ့အတွက် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကတော့ အခုလိုပစ်ခတ်ခံရပေမယ့် စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် KNU နဲ့ ဆက်ပြီးပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မေလ ၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ သတင်းထောက်တဦးရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
” အခုကိစ္စက KNU တခုလုံးနဲ့ ဖြစ်တာမဟုတ်ဘူး၊ တပ်မဟာ ၄ တခုလုံးနဲ့ ဖြစ်တဲ့ပြဿနာလည်း မဟုတ်ဘူး။ ဒါကြောင့် ပြစ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ကိုပဲ ကျနော်တို့တောင်းဆိုနေတယ်။ တော်လှန်ရေးအတွက် KNU နဲ့ရော တပ်မဟာ ၄ နဲ့ရော လိုအပ်တဲ့နေရာမှာ ကျနော်တို့ ဆက်ပြီးပူးပေါင်းလုပ်ဆောင်သွားမယ် ” လို့ သူက ပြောကြားခဲ့ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်တချို့ အခုလိုပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အခြားမွန်လူမျိုး တော်လှန်ရေးအင်အားစု ၃ ခုကလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်တွဲတိုက်ပွဲဝင်ဖို့ဆိုကာ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တနင်္သာရီဒေသတပ်နဲ့ ရာမညတပ်တို့က အခုနှစ် ဧပြီလ ၁၁ ရက်မှာ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းခဲ့ကြပါတယ်။
ဓာတ်ပုံ – MSDF