ရန်ကုန်ကမြို့နယ်တချို့မှာ လေပြင်းတိုက်လို့ သစ်ပင်ပြိုလဲမှုတွေဖြစ်ပြီး ပျက်စီးမှုတွေရှိ

မေ၊ ၂၀
 
ရန်ကုန်မြို့၊ မြို့နယ်တချို့မှာ ဒီကနေ့ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်ပြိုခဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး အဆောက်အအုံနဲ့ ကားတွေပျက်စီးတာမျိုးတွေရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ မီးသတ်ဌာနတို့ဆီက သိရပါတယ်။
 
” မထင်မှတ်ဘဲ မိုးတွေလည်းရွာ၊ လေကလည်းပြင်းတော့ သစ်ပင်တွေတော်တော်များများလဲ ကုန်တယ်၊ တချို့လူ နေအိမ်အချို့လည်း ပျက်စီးတာရှိတယ်၊ အခုတော့ သစ်ပင်တွေလဲပြီး လမ်းတွေလည်း ပိတ်ကုန်ပြီ ” လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတဦးက ဒီကနေ့ညနေပိုင်းမှာ ပြောပါတယ်။
 
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့မှာ ဒီကနေ့ညနေပိုင်းက မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် သစ်ပင်ပြိုလဲတာ၊ သစ်ကိုင်းကျိုးကျတာ၊ အဆောက်အအုံအစိတ်အပိုင်းတချို့ ပြုတ်ကျတာတွေဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနက ဖော်ပြထားပါတယ်။
 
အဲ့ဒီမြို့နယ်တွေမှာ သစ်ပင်ပြိုလဲမှုနဲ့ စစ်ကိုင်းကျိုးကျမှု ငါးခုနဲ့ အဆောက်အအုံက ဟင်ဂလန်းအချပ်လိုက် ပြုတ်ကျကာ ရပ်ထားတဲ့ ကားတစီးပေါ်ပိကျတာတွေ ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
 
” ကြိုးကျနေတဲ့သစ်ကိုင်းတွေလည်း ခုတ်ဖို့လုပ်နေပေမယ့် မီးတွေလည်းပျက်နေတော့ နည်းနည်း တော့ အခက်အခဲတွေရှိတယ်၊ လူထိခိုက်တာမျိုးတော့ မရှိပါဘူး ” လို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတော အလယ်ရပ်ကွက်နေ ပြည်သူတဦးက DNA ကို ပြောပါတယ်။
 
လေပြင်းတိုက်ခိုက်ပြီး သစ်ပင်တွေဟာ လမ်းမတွေပေါ်ပြိုလဲကျတာတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
 
မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ ရန်ကုန်တိုင်းအနောက်ဘက်ကလာတဲ့ မိုးတိမ်တောင် Cell နှစ်ခုကြောင့် မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာတွေရှိနေပြီး အနောက်တောင်ဘက်ကနေ လေတိုက်ခတ်နေတယ်လို့ ဒီကနေ့ ညနေပိုင်းမှာ အသိပေးထားပါတယ်။
 
အဲ့ဒီတိမ်တိုက်နှစ်ခုဟာ အရှေ့မြောက်ဘက်ကို ဆက်ရွေ့နေပြီး ရွေ့လျားရာလမ်းကြောင်းတလျှောက်မှာ လေတိုက်တာ၊ မိုးရွာတာနဲ့ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။ 
ဓာတ်ပုံ – MFSD