မဟာမိတ်နိုင်ငံတွေဆီ F-16တွေ ယူကရိန်းဆီ လွှဲပြောင်းပေးရေး မီးစိမ်းပြလိုက်တဲ့ အမေရိကန်

မေ၊ ၂၀

မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ F-16 တိုက်လေယာဉ်တွေ ပေးပို့ဖို့ ဆန္ဒရှိတယ်ဆိုရင် ထောက်ခံအားပေးသွားမယ်လို့ အမေရိကန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

အစောပိုင်းက အမေရိကန်ဟာ F-16 တိုက်လေယာဉ်တွေ ယူကရိန်းဆီ ပေးပို့ရေး ကိစ္စကို အစဉ်တစိုက် ငြင်းဆိုနေခဲ့ပေမယ့် အခုအခါမှာတော့ သိသာတဲ့ မူဝါဒ အပြောင်းအလဲ တခုကို ရွေးချယ်လာတဲ့ သဘောပါပဲ။ ဒါပေမဲ့ အမေရိကန်ဟာ F-16တွေကို ယူကရိန်းဆီ တိုက်ရိုက် ထောက်ပံ့မှာတော့ မဟုတ်ဘဲ ဥရောပ မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ တိုက်လေယာဉ်တွေ ပေးပို့တာကိုသာ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်မောင်းနှင်နိုင်အောင် ကူညီ လေ့ကျင့်ပေးသွားဖို့လည်း အစီအစဉ်ရှိကြောင်း အိမ်ဖြူတော်ရဲ့ ထိပ်တန်း အရာရှိ တဦးက ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ကျူးကျော်သူ ရုရှားတပ်တွေရဲ့ လေတပ်စွမ်းရည် သာလွန်မှုကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ အနောက်မဟာမိတ် နိုင်ငံတွေကို ကာလရှည်ကြာ လိုက်လံ စည်းရုံးခဲ့ရပြီး အခုတော့ အဲဒီ အားထုတ်မှုရဲ့ အသီးအပွင့်တွေကို စတင် မြင်လာရတော့မယ့် သဘောပါပဲ။

အမေရိကန်က F-16တွေ ယူကရိန်းဆီ လက်လွှဲပေးမယ်ဆိုရင် မဟာမိတ်တွေကို တားမြစ်မှာ မဟုတ်ကြောင်း ဆုံးဖြတ်လိုက်တဲ့အပေါ် ဗြိတိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်နဲ့ ဒိန်းမတ်တို့က ချီးကျူး ကြိုဆိုခဲ့ကြပါတယ်။ ပုံမှန်ဆိုရင် အမေရိကန်ဟာ စစ်ရေးနည်းပညာဆိုင်ရာ ပေါက်ကြားမှုတွေနဲ့ ပတ်သက်လို့ အထူးတလည် စိုးရိမ်ပြီး မဟာမိတ်တွေဆီက အမေရိကန်လုပ် စစ်သုံးပစ္စည်းတွေကို နောက်ထပ် နိုင်ငံတခုဆီ ထပ်လွှဲပေးတာမျိုးကို ခွင့်ပြုလေ့ မရှိပါဘူး။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ F-16တွေ တောင်းဆိုနေတဲ့ ယူကရိန်းရဲ့ လုပ်ရပ်ဟာ လက်တွေ့မကျဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ရာက အခုတော့ တထစ်လျှော့ပေးလိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ အမေရိကန်ရဲ့ F-16တွေကို ယူကရိန်းဆီ ပေးပို့ဖို့ အထိတော့ လိုက်လျောမှု မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ဗြိတိန်နဲ့ နယ်သာလန် အစိုးရတွေက ဦးဆောင်ပြီး ယူကရိန်း လေတပ်အတွက် F-16တွေ အပါအဝင် အဆင့်မြင့် တိုက်လေယာဉ်တွေ ထောက်ပံ့နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

 

Ref: BBC