အာဏာသိမ်းစစ်တပ်က လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်းကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တန်ချိန်ထောင်နဲ့ချီ များပြားတဲ့ သစ်လုံးတွေဟာ အမေရိကန်ဆီ ဆက်လက် စီးဝင်နေဆဲလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားမှု အဖွဲ့တခုက ပြောပါတယ်။
ဗြိတိန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA)က လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ သစ်တန်ချိန် ၃၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရေတိုက်စားမှုဒဏ်ကို ခံနိုင်စွမ်း မြင့်မားတဲ့ သဘာဝ ဂုဏ်သတ္တိမျိုး ပိုင်ဆိုင်တဲ့ ကျွန်းသစ်တွေကို ဇိမ်ခံ ရွက်လှေတွေ၊ ကြမ်းခင်းတွေ၊ ပရိဘောဂတွေ ပြုလုပ်မှာ အသုံးပြုဖို့ တင်သွင်းနေဆဲ ဖြစ်ပါတယ်။ အမေရိကန်က မြန်မာ့ကျွန်းသစ်တွေ မှာယူမှုဟာ သစ်တောပြုန်းတီးမှုတွေကို အားပေးရာ ရောက်တယ်ဆိုပြီး အရင်ကတည်းက အငြင်းပွားစရာ အခြေအနေတွေ ရှိနှင့်နေခဲ့ပြီးသားပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့နောက် အမေရိကန် အစိုးရဟာ မြန်မာ စစ်တပ် ခေါင်းဆောင်တွေ၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ MTEလို့ အတိုကောက် ခေါ်ဝေါ်တဲ့ မြန်မာ့ သစ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ MTEဟာ မြန်မာနိုင်ငံမှာတော့ တရားဝင် သစ်ခုတ်ခွင့်၊ သစ်လုံးတွေ တင်ပို့ခွင့် ရရှိထားတဲ့ တခုတည်းသော လုပ်ငန်းလည်း ဖြစ်ပါတယ်။
အမေရိကန် ဥပဒေအရဆိုရင် ပြည်တွင်းကို တင်သွင်းလာတဲ့ သစ်တော၊ သားရိုင်းတိရစ္ဆာန်နဲ့ သားငါး ထုတ်ကုန်တွေဟာ တင်ပို့တဲ့ နိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ ရိတ်သိမ်း ထုတ်လုပ်ထားတာမျိုး လိုပါတယ်။ ၂၀၁၄ တုန်းက အစိုးရဟောင်း လက်ထက်မှာ မြန်မာနိုင်ငံက သစ်အလုံးလိုက် တင်ပို့မှုတွေကို တားမြစ်တဲ့ ဥပဒေတရပ် ပြဋ္ဌာန်းခဲ့ပြီး ခွဲဖြတ်ထားတဲ့ သစ်တွေကိုတော့ တင်ပို့ခွင့် ပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သစ်တော ပြုန်းတီးမှုတွေကို ဟန့်တားဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ကတော့ အဲဒီဥပဒေကို လိုက်နာမယ့်ပုံ မရှိသလို မြန်မာနိုင်ငံဟာ ၂၀၃၅ ခုနှစ်မှာ သစ်တောအများစု ပြုန်းတီးသွားမယ့် လမ်းကြောင်းပေါ် ပြန်ဦးတည်နေပြီလို့ EIAက သတိပေးထားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ခါးစည်း ခံစားနေရတဲ့ မြန်မာနိုင်ငံမှာတော့ သစ်တော ပြုန်းတီးမှုဆိုတာ သိပ်ပြီး အာရုံမစိုက်နိုင်သေး ပြဿနာ တခုတော့ ဖြစ်နေပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် ကလေး ၃၆၃ ဦးထက်မနည်း အပါအဝင် စုစုပေါင်း အရပ်သား ၃၄၉၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း ကုလသမဂ္ဂက အာဏာသိမ်း မြန်မာစစ်တပ်ဟာ ဆိုးယုတ်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း ရှုတ်ချထားတာပါ။ အဲဒီလို ရည်ညွှန်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ တက်ကြွ လှုပ်ရှားသူတွေကို မတရား ဖမ်းဆီးနှိပ်စက်တာ၊ သေဒဏ်စီရင် ကွပ်မျက်တာတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဧပြီလတုန်းကဆိုရင် အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လိုလို လုပ်ဆောင်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
“သူတို့ရဲ့ ရွက်လှေတွေနဲ့ ကြမ်းခင်းတွေအတွက် ကျွန်းသစ်တွေကို မှာယူ သုံးစွဲနေသူတွေရော၊ တင်ပို့နေသူတွေကပါ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကို မျက်စိမှိတ်၊ နားပိတ်ထားကြတဲ့ သဘောပါပဲ။ အဲဒီလို ကျွန်းသစ်တွေ ဆက်လက် မှာယူနေတာက နိုင်ငံတနိုင်ငံကို ဒေဝါလီ ခံရလုနီးပါးဖြစ်အောင် အမြတ်ထုတ်ထားတဲ့ စစ်အာဏာရှင်အတွက် ငွေမာတွေ ရှာပေးနေတာပဲ။ စစ်တပ်က အရင်ကထက် ပိုပြီး ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေ၊ အဂတိ လိုက်စားမှုတွေ ကျူးလွန်နိုင်အောင် အားပေးအားမြှောက် လုပ်နေတာပဲ”လို့ EIAရဲ့ ကြေညာချက်မှာ စွပ်စွဲ ဖော်ပြထားပါတယ်။
EIAရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာဆီက ကျွန်းသစ်တွေ တင်သွင်းတဲ့ အမေရိကန် ကုမ္ပဏီ ၁၂ ခုရဲ့ နာမည်တွေကို ဖော်ပြထားပါတယ်။ အဲဒီထဲက East Teak Fine Hardwoodsနဲ့ J Gibson McIlvainဆိုတဲ့ ကုမ္ပဏီ နှစ်ခုဟာ အမေရိကန်ဆီ မြန်မာ့ကျွန်းသစ်တွေ တင်သွင်းမှုကို အဓိက ခြယ်လှယ် ချုပ်ကိုင်ထားတယ်လို့ EIAက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာကနေ တင်ပို့သမျှ ကျွန်းသစ် အားလုံးရဲ့ ၈၈ ရာခိုင်နှုန်း၊ ပမာဏအားဖြင့် တန်ချိန် ၁၆၀၀ ကျော်လောက်ဟာ အဲဒီကုမ္ပဏီ နှစ်ခုရဲ့ စီမံမှုအောက်မှာ ရှိနေခဲ့ပါတယ်။
EIAရော၊ Guardian သတင်းဌာနကပါ အဲဒီ ကုမ္ပဏီတွေဆီ အသီးသီး ဆက်သွယ်ခဲ့ပေမယ့် ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။ J Gibson McIlvain ကုမ္ပဏီကတော့ သူတို့ဟာ သစ်စက်တွေ၊ တင်ပို့သူတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေး ရှိသလို သစ်လုံးတွေ ဘယ်နေရာက လာတယ်ဆိုတာ သိရှိထားကြောင်း ပြောဖူးပါတယ်။
“ကျွန်းသစ်တွေရဲ့ နေရာတွေ၊ ဘယ်လို ခုတ်ယူ ထုတ်လုပ်ခဲ့သလဲ ဆိုတာတွေ ဆိုတာကို သိရှိဖို့က ကုမ္ပဏီအတွက် သိပ်အရေးကြီးပါတယ်။ လုပ်ထုံးလုပ်နည်း အားလုံးကိုလည်း အစိုးရ စံသတ်မှတ်ချက်တွေနဲ့ အညီပဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်”လို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့ ကျွန်းသစ်တွေ တင်သွင်းတဲ့ အမေရိကန် ကုမ္ပဏီ အများအပြားဟာ stockpile narrativeဆိုတဲ့ နည်းလမ်းကို သုံးပြီး သစ်တွေရဲ့ ရင်းမြစ်နဲ့ ပတ်သက်ရင် ဝေဝေဝါးဝါး လုပ်ပစ်တတ်ကြတယ်လို့ EIAက ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အမေရိကန် ကုမ္ပဏီတွေက သူတို့ဟာ သစ်လုံးတွေ ကိုယ်တိုင် ထုတ်လုပ်မှုမှာ မပါဝင်ဘဲ မြန်မာ့ သစ်ကုမ္ပဏီတွေက ခုတ်ယူပြီး ထုတ်လုပ်ထားတဲ့ သစ်တွေကိုသာ ပြန်ဝယ်ယူတယ် ဆိုတာမျိုး၊ ၂၀၂၁ ခုနှစ် မတိုင်ခင် ကတည်းက MTEဆီကနေ ကျွန်းသစ်တွေ ဝယ်ယူထားတယ် ဆိုတာမျိုး အကြောင်းပြချက်တွေနဲ့ ငြင်းပယ်ကြတာမျိုးပါ။ တရားမဝင် သစ်ထုတ်မှုတွေက အရမ်းများပြားခဲ့တဲ့အခါ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု မတိုင်ခင်က ခုတ်ယူခဲ့တဲ့ သစ်တွေ ဟုတ်မဟုတ် ဆန်းစစ်ဖို့အတွက် အတော်လေး ရှုပ်ထွေးသွားတတ်တယ်လို့လည်း EIAက ပြောပါတယ်။ နောက်ပြီး ခုတ်ထားပြီးသား သစ်တွေကို မြန်မာနိုင်ငံမှာ စုပုံထားပြီး အဲဒီကနေ ပြည်ပကို တင်ပို့ခွင့် ဆက်ရှိနေပါတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း ဥပဒေနဲ့ ညီမညီ သံသယဝင်စရာ အကြီးကြီး ဖြစ်နေတယ်လို့ EIAက ဝေဖန်ပါတယ်။
အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှုကြောင့် MTEကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ထားတဲ့တိုင်အောင် မျက်မှောက်ကာလမှာ ဆက်ပြီး လည်ပတ်နေတဲ့ ကျွန်းသစ် ကုန်သွယ်မှုတွေ အားလုံးက မြန်မာ စစ်အာဏာရှင်တွေကို ငွေကြေး အကျိုးအမြတ် ဖြစ်ထွန်းနေစေတုန်းပဲလို့လည်း EIAက ထောက်ပြခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ ဆိပ်ကမ်းက ခွာသွားတဲ့ သစ်လုံးတင် ကွန်တိန်နာတွေအတွက် အခွန်အခတွေကိုပါ စစ်တပ်က ကောက်ယူနေပြန်ပါသေးတယ်။
ကုန်သွယ်ရေးဆိုင်ရာ မှတ်တမ်း အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေက အမေရိကန်ဆီ မြန်မာ့ ကျွန်းသစ်တွေ စီးဝင်နေမှုအပေါ် ဘာမှ ကြီးကြီးမားမား မရိုက်ခတ်ခဲ့ဘူးလို့လည်း EIAက ထောက်ပြပါတယ်။ “ပြောရမယ်ဆိုရင် အာဏာမသိမ်းခင်ကနဲ့ အခြေအနေ တူတူလောက်ကို ကုန်သွယ်မှုတွေ ပုံမှန် ဆက်ဖြစ်နေပါတယ်။ ၂၀၂၂ ခုနှစ်၊ စတုတ္ထ နှစ်ဝက်မှာဆိုရင် အာဏာသိမ်းမှုနောက်ပိုင်း ကျွန်းသစ် တင်သွင်းမှု လအလိုက် အများဆုံးဆိုတဲ့ ကာလမျိုးတွေကိုတောင် တွေ့ခဲ့ရပါတယ်”လို့ EIAက ဆိုပါတယ်။
အရေးယူ ပိတ်ဆို့မှုနဲ့ တခြား စိုးရိမ်စရာ ကိစ္စတွေကို ကျော်လွှားဖို့အတွက် အမေရိကန် ကုမ္ပဏီတွေဟာ သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ရင် သမိုင်းကြောင်းရှိတဲ့ ကြားခံ ကုမ္ပဏီတွေကို သစ်ထုတ်မှု၊ တင်ပို့မှုတွေမှာ အသုံးချတတ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလို ကြားခံ ကုမ္ပဏီတွေက သစ်လုံးတွေ ဘယ်အချိန်မှာ ခုတ်ခဲ့သလဲ ဆိုတာမျိုးနဲ့ ပတ်သက်ရင် DNA နမူနာတွေ တင်ပြတာမျိုးမှာ ဘယ်လောက် ယုံကြည် စိတ်ချရသလဲ ဆိုတဲ့ မေးခွန်းတွေက အမြစ်တွယ်နေဆဲလို့ EIAက ဆက်ပြောပါတယ်။ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွေမှာ အဲဒီလို DNA နမူနာ စစ်ဆေးမှုတွေ တိတိကျကျ ဖြစ်နေဖို့ အရမ်းလိုအပ်ပေမယ့် လက်တွေ့မှာတော့ အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်ဆဲလို့ သိရပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေကို အမေရိကန် ပြည်သူတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အားပေးအားမြှောက် မလုပ်မိအောင် တားမြစ်ဖို့ တခုတည်းသော လက်တွေ့ကျတဲ့ နည်းလမ်းက မြန်မာ့ ကျွန်းသစ် တင်သွင်းမှုတွေကို လုံးဝဥဿုံ ပိတ်ပင်လိုက်ဖို့ ဖြစ်တယ်လို့ EIAက ပြောပါတယ်။ MTEဆီက ကျွန်းသစ်တွေ မဝယ်တော့တဲ့အပြင် ပိုတင်းကျပ်တဲ့ အရေးယူမှုတွေကို ၂၀၂၁ မှာ ကတည်းက ဥရောပ သမဂ္ဂက အကောင်အထည် ဖော်ခဲ့ပြီးပါပြီ။ အမေရိကန် တရားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက သစ်တွေ တင်သွင်းမှုနဲ့ ပတ်သက်လို့ ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေး စောင့်ကြည့်ဖို့အတွက် လုပ်ငန်းဖော်ဆောင်မှု ကော်မတီ တခုကို ဧပြီလမှာ ဖွဲ့စည်းထားပါတယ်။
“ဘာမှ ထိထိရောက်ရောက် အရေးမယူသ၍ အမေရိကန် အခြေစိုက် သစ်ကုန်သည်တွေက မြန်မာနိုင်ငံရဲ့ သွေးစွန်းတဲ့ ကျွန်းသစ်တွေကို ဆက်ပြီး တင်သွင်းနေဦးမှာပဲလေ။ သူတို့အတွက် နောက်ဆက်တွဲ ဘာဆိုးကျိုးမှ မရှိနိုင်ဘူးဆိုတာ သိနေသ၍ ဆိုပါတော့”လို့ EIAရဲ့ သစ်တော ထိန်းသိမ်းရေး လှုပ်ရှားမှုဌာန ခေါင်းဆောင် ဖိတ်သ်ဒိုဟာတီက ပြောပါတယ်။ “လက်မခံနိုင်လောက်စရာ ဒီအခြေအနေမျိုးကို မသိကျိုးကျွံ ပြုမထားသင့်တော့ပါဘူး”လို့ သူက ဆက်ပြီး သတိပေးသွားခဲ့ပါတယ်။
(Guardian သတင်းဌာန၏ US imports of ‘blood teak’ from Myanmar continue despite sanctions ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်/ ဓာတ်ပုံ – Frontier)