မေ၊ ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ မုံရွာတောင်ပိုင်းက ကျေးရွာတရွာက ဘုရားစေတီတွေ ထိခိုက်မှုအနည်းငယ်ရှိတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။
“ မနေ့က ညက မိုးတွေအရမ်းရွာပြီး လေတွေတိုက်တယ်။ ည ၈ နာရီခွဲလောက်မှာ သူတို့ကိုလာပစ်မှာကြောက်ပြီးတော့ ဘေးပတ်ပတ်လည်ကို ၆၀ မမနဲ့ ပစ်တယ်။ သူတို့ ရွာနဲ့တော်တော်လှမ်းတယ်။ ရွာရဲ့အနောက်တောင်ဘက်က ရွာကို သွားကျတယ်။ အဲ့ဒီရွာက ဘုရားစေတီနဲ့ ကျောင်းဆောင်တွေ ပျက်စီးခဲ့တယ် ” လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက DNA ကိုပြောပါတယ်။
မုံရွာမြို့၊ မြေနဲကျေးရွာအဝင်က စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် လူထိခိုက်တာမရှိပေမယ့် ဘုရားစေတီနဲ့ ကျောင်းဆောင်တချို့ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လက်နက်ကြီးနဲ့အပစ်ခံရတဲ့ ကျေးရွာနာမည်ကို လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပြီး မုံရွာတောင်ပိုင်းက ကျေးရွာတရွာလို့သာ ပြောဆိုခဲ့ပါတယ်။
“ လက်နက်ကြီးက တလုံးထဲကျတာ၊ သိမ်ပေါ်ကျရင်တော့ အဆောက်အဦးပျက်စီးမှာ၊ ခုက ဘေးမှာကျတော့ အစအနတွေက ကျောက်ပြားတွေ နံရံတွေကို လာမှန်တာ ” လို့လည်း ပြောပါတယ်။
အဲ့ဒီစွမ်းရည်ထက်ဆီဆိုင်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းက မြေနဲရွာအဝင်မှာ ရှိတာဖြစ်ပြီး မုံရွာမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ် ၄ ခုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့နယ် လဝကရုံးဟောင်းရှေ့၊ မြို့အထွက် မအူရွာ၊ ရေဦးဆန်ဆိုင်အနီးနဲ့ စွမ်းရည်ထက်ဆီဆိုင်ဂိတ်တို့မှာ အထိုင်ချထားပြီး ယမန်နေ့ညက အဲ့ဒီဂိတ် ၄ ခုလုံးကနေ ဘေးနားပါတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ မနေ့ညက မြစ်အနောက်ဘက်က ဝမ်ပေါင်ကြေးနီစီမံကိန်း ကာကွယ်ရေးတပ်တွေက သွားပစ်ကြတာရှိတယ်။ အဲ့တာကိုကြောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီက၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကနေစတင်ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေအထိ မြန်မာနိုင်ငံအတွင်းက ဘာသာရေးအဆောက်အအုံ ၁၆၃ ခုကို ဖျက်ဆီးခဲ့တယ်လို့ RFA မြန်မာပိုင်းရဲ့စာရင်းပြုစုချက်အရ သိရပါတယ်။
အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖျက်စီးခံခဲ့ရပြီး ဘုန်းတော်ကြီး ကျောင်း ၄၆ ကျောင်း၊ ဗလီ၃ခု၊ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းနဲ့ သီလရှင်စာသင်ကျောင်းတကျောင်းပါဝင်တယ်လို့ သိရပါတယ်။
အဲဒီဘာသာရေးအဆောက်အအုံ တိုက်ခိုက်ခံရမှုတွေကို ဒေသခံတွေရဲ့ပြောပြချက်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကနေ အခြေခံပြုစုထားပြီး တိုက်ခိုက်မှုတွေမှာ မီးရှို့ခံရတာ၊ လက်နက်ကြီးနဲ့ ပစ်တာနဲ့ လေကြောင်းကတိုက်ခိုက်တာတွေ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး