ဆယ်စုနှစ်ကျော် ကြာပြီးတဲ့နောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြန်တက်လှမ်းနိုင်ခဲ့တဲ့ အင်တာမီလန်

မေ၊ ၁၆

ဆယ်စုနှစ် တခုကျော် ကြာမြင့်ပြီးတဲ့နောက် အင်တာမီလန်ဟာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်လည် တက်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အီတလီနိုင်ငံက မီလန်မြို့ အခြေစိုက် ကလပ်အသင်း နှစ်ခု တွေ့ဆုံကြရာမှာ ခါးသီးပြိုင်ဘက် အေစီမီလန်ကို အင်တာက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ မေ ၁၆ ရက် ညပိုင်းက အကြိုဗိုလ်လုပွဲ၊ ဒုတိယ အကျော့မှာ လော်တာရို မာတီနက်ဇ်ရဲ့ ဂိုးနဲ့ အင်တာက အိမ်ကွင်းမှာ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၃-၀ နဲ့ ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်လှမ်းခဲ့တာပါ။

ပထမအကျော့က အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးထားတဲ့ အေစီဟာ အခုပွဲရဲ့ အစောပိုင်း အချိန်တွေမှာ အင်တာကို မြန်နှုန်းမြင့် ထိုးဖောက်မှုတွေနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် အိမ်ရှင်တွေက စည်းကမ်းတကျ ကစားပြီး ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်က အနိုင်အရှုံး သေချာစေမယ့်ဂိုးကို သွင်းယူပြီး အေစီရဲ့ မျှော်လင့်ချက် မှန်သမျှကို အပြီးရိုက်ချိုးပြခဲ့ပါတယ်။

အင်တာဟာ သမိုင်းဝင် ၂၀၀၉-၁၀ ဘောလုံးရာသီတုန်းက အဓိက ဆုဖလား ၃ လုံး သိမ်းကျုံးယူခဲ့တဲ့နောက်ပိုင်း ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ကို ပထမဆုံးအကြိမ် ပြန်ရောက်လာတာပါ။ အင်တာ ပရိသတ်တွေဟာ ကလပ်အသင်းအဆင့် ဥရောပ ဘောလုံးဇာတ်ခုံရဲ့ အထည်ဝါဆုံး ဗိုလ်လုပွဲကြီးမှာ သူတို့အသင်း ကစားနေတာကို ပြန်မြင်ရဖို့ ၁၃ နှစ် စောင့်ခဲ့ရပါတယ်။

 အင်တာဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်၊ စပိန်နာမည်ကြီးအသင်း ဘာစီလိုနာတို့နဲ့အတူ ကျရောက်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကိုတောင် မရောက်နိုင်ဘူးလို့ ထင်ကြေးပေး ခံခဲ့ရပေမယ့် အခုတော့ ဆုဖလားကြီးနဲ့ လက်တကမ်း အကွာထိ နီးကပ်လာနိုင်ခဲ့ပါပြီ။

အင်တာဟာ ဇွန်လ ၁၀ ရက်ကျရင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ရီးရဲလ်မက်ဒရစ်၊ ဒါမှမဟုတ် မန်ချက်စတာ စီးတီး တသင်းသင်းနဲ့ ဗိုလ်လုပွဲစဉ် ရင်ဆိုင် ကစားသွားမှာ ဖြစ်ပါတယ်။

 

Ref: BBC