ပူတင်ရဲ့ မဟာမိတ် ဘီလားရုစ် သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်နေ

မေ၊ ၁၅

အရေးကြီးတဲ့ နိုင်ငံတော် အခမ်းအနား တခုကို တက်ရောက်နိုင်ခြင်း မရှိတဲ့နောက် ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ ထင်ကြေး ကောလာဟလတွေ မျိုးစုံ ပျံ့နှံ့လာပါတယ်။

 အသက် ၆၈ နှစ် ရှိပြီဖြစ်ပြီး ဥရောပရဲ့ လက်ကျန် အာဏာရှင်လို့ သတ်မှတ် ခံထားရတဲ့ သမ္မတဟာ မေလ ၁၄ ရက်က နိုင်ငံတော် အလံ၊ တံဆိပ်နဲ့ နိုင်ငံတော်သီချင်း ဂုဏ်ပြု နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူကာရှန်ကိုအစား ဘီလားရုစ် ဝန်ကြီးချုပ်က သမ္မတရဲ့ ဂုဏ်ပြု သဝဏ်လွှာကို အခမ်းအနားမှာ ဖတ်ကြားသွားခဲ့ပါတယ်။

မေလ ၉ ရက်က လူကာရှန်ကိုဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ ရုရှား အမျိုးသား​ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဓိက စစ်ရေးမဟာမိတ်နဲ့ ကျောထောက်နောက်ခံ စူပါပါဝါဖြစ်တဲ့ ရုရှားရဲ့ သမ္မတ ဗလာဒီမာ ပူတင်နဲ့တောင်​ နေ့လယ်စာ အတူမစားနိုင်ဘဲ ဘီလားရုစ်ကို ချက်ချင်း ပြန်လာရပါတယ်။ လူကာရှန်ကိုဟာ အတော်ကြီး နွမ်းနယ်နေဟန် ရှိသလို ညာဖက်လက်မှာလည်း ပတ်တီး စည်းနှောင်ထားခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် လူကာရှန်ကိုတယောက် နာမကျန်း ဖြစ်နေသလားဆိုတဲ့ ထင်ကြေးတွေ အားကောင်းလာတာ ဖြစ်ပါတယ်။

သူဟာ ရုရှားကနေ ပြန်လာခဲ့တဲ့နောက် ဆိုဗီယက် ပြည်ထောင်စု အစိတ်အပိုင်းဟောင်း ဘီလားရုစ်ရဲ့ အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး မြို့တော် မင့်စ်ခ်မှာ ကျဆုံးစစ်သည်တွေအတွက် ရည်စူးပြီး ပန်းစည်းတွေ ချထားခဲ့တာကို တွေ့ရပြီး အဲဒီနောက်ပိုင်း လူမြင်ကွင်းကနေ တောက်လျှောက် ပျောက်ကွယ်နေခဲ့ပါတယ်။

အတိုက်အခံ Telegram channel တစ်ခုမှာတော့ လူကာရှန်ကိုဟာ မေလ ၁၂ ရက် ညပိုင်းက မင့်စ်ခ်မြို့ပြင်မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံတခုကို အထူးလျှို့ဝှက် အစီအစဉ်နဲ့ သွားရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသတင်း အချက်အလက်ကို တိတိကျကျ ဆန်းစစ် အတည်ပြုလို့တော့ မရသေးပါဘူး။

ဘီလားရုစ် သမ္မတရုံးကလည်း လူကာရှန်ကိုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

လူကာရှန်ကိုဟာ ၁၉၉၄ ခုနှစ် ကတည်းက ဘီလားရုစ်ကို အုပ်စိုးနေခဲ့ပြီး အတိုက်အခံ အင်အားစုတွေကိုလည်း ပြင်းပြင်းထန်ထန် ဖိနှိပ်သူအဖြစ် ထင်ရှားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲရာမှာလည်း လူကာရှန်ကိုက သူ့နိုင်ငံ ပိုင်နက်ကနေ ရုရှားတပ်တွေ ချီတက်ခွင့် ပေးခဲ့တာကြောင့် အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့ခြင်းကို ပူတင်နဲ့အတူ ခံနေရပါတယ်။

၂၀၂၀ ပြည့်နှစ်က ဘီလားရုစ် ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း လူကာရှန်ကိုက ကြေညာပေမယ့် ရွေးကောက်ပွဲ ရလဒ်ဟာ မစစ်မှန်ကြောင်း အတိုက်အခံတွေက စွပ်စွဲခဲ့သလို ထောင်ပေါင်းများစွာသော ပြည်သူတွေက နိုင်ငံအနှံ့မှာ အုံကြွ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ဘီလားရုစ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲဒီ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းခဲ့ပြီး ထောင်နဲ့ချီ အရေအတွက်ထိ ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ လူကာရှန်ကိုကလည်း ရုရှားရဲ့ အားပေး ထောက်ခံမှုနဲ့အတူ အာဏာ ဆက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

 

Ref: BBC