မေ၊ ၁၂
နိုင်ငံတဝှန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ(PDF)နဲ့ တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံလိုက်ရတဲ့ PDF ကျောင်းသား/သူတွေအပါအဝင် CDM ပြုလုပ်ပြီး တော်လှန်ရေးမှာပါဝင်တဲ့ ကျောင်းသား/သူတွေ ပညာသင်ကြားခွင့် ရဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံကို ဧပြီလထဲ (၅)ရက်တာ ကျင်းပခဲ့မှုနဲ့ ပတ်သက်လို့ ဒီကနေ့ မေလ ၁၂ရက်မှာ ရှေ့ဆက်ဆောင်ရွက်မဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“PDF တွေ အခြေခံပညာပြီးမြောက်ကြောင်း ဖြေဆိုခွင့် ရအောင်၊ အဆင့်မြင့် တက္ကသိုလ် ကျောင်းသားတွေကလည်း တော်လှန်ရေးမှာ ပါဝင်ရတဲ့အခါမှာ စဉ်ဆက်မပြတ်ပညာသင်ကြားခွင့် ရဖို့ စီစဉ်ဆောင်ရွက်မယ်။ အထူးသဖြင့် တော်လှန်ရေးထဲ ရောက်ရှိပြီးတော့ ကိုယ်လက်အစိတ်အပိုင်းတွေ စွန့်လွတ်ပြီးတော့ မသန်စွမ်းဘဝရောက်သွားတဲ့ CDM ကျောင်းသူ ကျောင်းသားများ ၊ နောက် စစ်ရဲ့ အဓိထာရုံကြောင့် စိတ်ထိခိုက် နစ်နာတဲ့ ကျောင်းသူသားတွေ ပညာသင်ကြားခွင့် ရဖို့ အထူးအလေးထား ဆောင်ရွက်သွားမယ်”လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ပညာရေးတာဝန်ခံက ပြောခဲ့ပါတယ်။
အာဏာသိမ်းမှုကို CDM ပြုလုပ်ပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား/သူတွေအတွက်လည်း ပညာရေးအခွင့်အလမ်းတွေ ဖို့ စီစဉ်ဆောင်ရွက်နေပြီး အဲဒီအတွက် CDM ကျောင်းသားတွေအတွက် အလုပ်ရုံဆွေးနွေးပွဲကို မကြာမီပြုလုပ်သွားဖို့လည်းရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် PDF ရဲဘော်တွေ၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေတဲ့ ကျောင်းသား/သူတွေအတွက်လည်း တော်လှန်ရေးမှာ ပါဝင်မှုကို ထောက်ခံပေးမဲ့ စနစ်တစ်ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက နောက်ဆုံးနှစ်ကျောင်းသားတွေအတွက် နောက်ဆုံးနှစ်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့ပေးခဲ့ပါတယ်။
လာမဲ့နှစ်မှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်စသဖြင့် ကျောင်းတွေကို ပြန်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပုံမှန်ကျောင်းတွေ ပြန်ဖွင့်မှာဖြစ်တဲ့အတွက် ကျောင်းသား/သူတွေဟာ ပိုမိုများပြားနေလိမ့်မယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆင့်မြင့် တက္ကသိုလ်ကောင်စီပေါင်း ၁၁၃ ခုက ပြန်လည်ပတ်နေသလို ပုံမှန်တက်ရောက်နေတဲ့ ကျောင်းသား/သူ တသောင်းကျော်နဲ့ ရက်တိုသင်တန်းတွေ တက်ရောက်နေတဲ့ ကျောင်းသား/သူ ၃ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာရေးကဏ္ဏ ပထမအကြိမ် ညီလာခံကနေ အခန်းကဏ္ဍ(၁၈) ခု ဆွေးနွေးခဲ့ပြီး အတူတကွပူးပေါင်း လုပ်ဆောင်ရမဲ့ ရလဒ် ၄၉ ချက် ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
အဆင့်မြင့်ပညာရေးကဏ္ဏ ပထမအကြိမ် ညီလာခံကို အဖွဲ့အစည်းပေါင်း၁၂) ခုက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်ပြီး၂၀၂၁ခုနှစ်ကနေ ကြားကာလပညာရေးကိုအကောင်အထည်ဖော်နေတဲ့အပြင်အခုလိုစီစဉ်ဆောင်ရွက်တာကိုCDM လုပ်ထားသူတွေကကြိုဆိုကြပါတယ်။
“ကျွန်မဆို ကိုယ်တိုင်လည်းCDM။ သားနှစ်ယောက်လည်း ကျောင်းမတက်တော့ဘူး။ အပြင်သင်တန်းပဲတက်တယ်။NUGကကြည့်ပေးမယ်ဆိုဝမ်းသာမိပါတယ်”လို့ ရန်ကုန်က ကလေးနှစ်ဦးမိခင် CDMဝန်ထမ်းတဦးကပြောပါတယ်။
စစ်အာဏာသိမ်းတာကိုလက်မခံတဲ့ ဆရာ၊ ဆရာမပေါင်း တသိန်းကျော်ဟာ လုပ်ငန်းခွင်တွေကိုစွန့်ခွါခဲ့သလို သန်းနဲ့ချီတဲ့ကျောင်းသားကျောင်းသူတွေဟာလည်းစာသင်ခန်းကိုစွန့်ခွါခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်နေသူတွေထဲမှာလည်းပညာတပိုင်းတစနဲ့ လူငယ်လူရွယ်အများအပြားရှိနေတာလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီနှစ်မှာတက္ကသိုလ်စာမေးပွဲကိုပထမအကြိမ်ကျင်းပခဲ့ပြီး PDF၇၀၀ကျော်အပါအဝင် ကျောင်းသားကျောင်းသူကိုးသောင်းဝန်းကျင်ဖြေဆိုခဲ့ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ၊ ကွန်ပျူတာတက္ကသိုလ်ကျောင်သား သမဂ္ဂများကွန်ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာမှ တာဝန်ရှိသူတွေ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။