Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားမှုကနေ WHO ပြန်ရုပ်သိမ်း (Text)

မေ၊ ၁၂

Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် ပြဿနာအဖြစ် သတ်မှတ်ထားမှုကို ရုပ်သိမ်းကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။

 အစောပိုင်းမှာ မျောက်ကျောက် (Monkeypox)လို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ အမေရိကန်နဲ့ ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် WHOက နိုင်ငံတကာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရောဂါရဲ့ ကနဦး နာမည်ဟာ လူမျိုးရေး ခွဲခြားမှု သဘောဆန်တဲ့ ထိလွယ်ရှလွယ် အခြေအနေတွေ ရှိလာနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေအပြီး WHOက ကျောက်ရောဂါ နာမည်ကို Mpoxလို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

 Mpoxကို နိုင်ငံတကာ ကျန်းမာရေး ပြဿနာ အဖြစ် သတ်မှတ်ထားမှုကနေ လျှော့ချလိုက်ပြီဆိုတဲ့ သတင်းကို သူ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ အတည်ပြု ကြေညာလိုက်ကြောင်း မေလ ၁၁ ရက်မှာ WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရို့စ် အက်ဟာနမ် ဂျီဘရီးဆက်စ်က ပြောပါတယ်။ အဲဒီအဆင့် သတ်မှတ်ချက်ဟာ WHOက ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ အမြင့်ဆုံး သတိပေးချက် ဖြစ်ပါတယ်။

 WHOဟာ ကိုဗစ်ကပ်ရောဂါကိုလည်း အလားတူ အဆင့်မှာ ၃ နှစ်ကျော် သတ်မှတ်ထားရာက ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

 Mpoxရော ကိုဗစ်ကိုပါ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေလို့ သတ်မှတ်ရမယ့် ကာလတွေ ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီရောဂါတွေ နောင်တချိန်မှာ ပြန်ခေါင်းထောင်လာနိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုကြောင်း၊ ရောဂါ နှစ်မျိုးစလုံးဟာ လူ့အသက်တွေကို အကြီးအကျယ် ခြိမ်းခြောက်နိုင်စွမ်း ရှိနေတာကို မမေ့သင့်ကြောင်း ဒေါက်တာ တက်ဒ်ရို့စ်က ပြောပါတယ်။

 Mpoxဟာ အနောက်အာဖရိက ဒေသတွေမှာ အတော်လေး ပျံ့နှံ့ ကူးစက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပေမယ့် ပုံမှန် မဟုတ်တဲ့ အခြေအနေအဖြစ် ပြီးခဲ့တဲ့နှစ်၊ မေလလောက်ကစပြီး ဥရောပ၊ မြောက်အမေရိကနဲ့ တခြား ကမ္ဘာ့အစိတ်အပိုင်းတွေမှာ ရောဂါ ဖြစ်ပွားမှုတွေ တွေ့လာရပါတယ်။ အဲဒီနောက် ဇူလိုင်လမှာ WHOက Mpoxကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

 Mpoxဟာ ကိုဗစ်နဲ့ ယှဉ်ရင်တော့ ကူးစက်မှုနှုန်း အတော်လေးနည်းပြီး အထူးသဖြင့် လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ တနှစ်နီးပါး ကာလအတွင်း ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၁၁ ခုမှာ အဲဒီ ကျောက်ရောဂါ ဖြစ်ပွားသူ ၈၇၀၀၀ ကျော် တွေ့ရှိခဲ့ပြီး အများစုက အပျော့စား ဝေဒနာ လက္ခဏာတွေသာ ခံစားခဲ့ရပေမယ့် သေဆုံးသူ အရေအတွက်ကလည်း ၁၄၀ လောက်ထိ များပြားခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ လတာအတွင်း ရောဂါ ကူးစက်မှုနှုန်းဟာ သိသိသာသာ ကျဆင်းသွားတဲ့နောက် WHOက Mpoxကို နိုင်ငံတကာ ကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ် ဆက်လက် ယူဆထားစရာ မလိုတော့ကြောင်း ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။