မေ ၁၁
ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ဆန်နာ မာရင်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ တရားဝင် လျှောက်ထားလိုက်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
အသက် ၃၇ နှစ်သာ ရှိသေးတဲ့ ဝန်ကြီးချုပ်က သူနဲ့ ခင်ပွန်းဖြစ်သူ မားကက်စ် ရိုင်ကိုနန်တို့ဟာ ၁၉ နှစ်ကြာ အတူရှိခဲ့တဲ့ နောက်မှာတော့ လမ်းခွဲကြဖို့ အခိုင်အမာ ဆုံးဖြတ်ပြီးပြီလို့ Instagramမှာ ရေးသားထားခဲ့ပါတယ်။ သူနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်း ရိုင်ကိုနန်တို့ နှစ်ဦးဟာ တရားရုံးမှာ အတူသွားရောက်ပြီး ကွာရှင်းခွင့် လျှောက်ထားခဲ့ကြောင်း၊ အမှတ်တရတွေ အများကြီး ရှိခဲ့သလို ချစ်စရာ သမီးလေးပါ တိုးပွားလာခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွက် နှစ်ဦးစလုံးက ပျော်ရွှင် ကျေနပ်နေမှာဖြစ်ကြောင်း မာရင်က ဆိုပါတယ်။
မာရင်ဟာ ဆယ်ကျော်သက် ဘဝကတည်းက ရိုင်ကိုနန်နဲ့ တွဲနေခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ကွာရှင်းပြီးရင်လည်း သူတို့နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ် ဆက်ရှိနေပြီး သမီးလေးကို ချစ်ချစ်ခင်နဲ့ တာဝန်ခွဲဝေယူပြီး ထိန်းသိမ်း စောင့်ရှောက်နေကြမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မာရင်ဟာ ၂၀၁၉ ခုနှစ်က ဖင်လန် ဝန်ကြီးချုပ် ဖြစ်လာပြီး အဲဒီတုန်းက အသက် ၃၄ နှစ်သာ ရှိသေးတာကြောင့် နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး ရွေးကောက်ခံ ခေါင်းဆောင်အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတလွှားက လူငယ် နိုင်ငံရေးသမားတွေရဲ့ စံပြုပုဂ္ဂိုလ်တဦး ဖြစ်ခဲ့သလို ဥရောပ နိုင်ငံ ခေါင်းဆောင်တွေရဲ့ လေးစား ခင်မင်မှုကိုလည်း ရရှိခဲ့ပေမယ့် သူဦးဆောင်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP)ကတော့ စီးပွားရေး မူဝါဒပိုင်း လစ်ဟာမှုတွေကြောင့် ပြည်တွင်းမှာ လူကြိုက်နည်းမှု ကျဆင်းလာခဲ့ပါတယ်။
အခုနှစ်ဟာ မာရင်အတွက်တော့ ခက်ခဲတဲ့ ကာလတခု ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ SDP အရေးနိမ့်သွားတာကြောင့် သူဟာ ရာထူးသက်တမ်းစေ့ရင် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ရတော့မှာပါ။ အခုတော့ တလလောက်ပဲ ခြားပြီး အိမ်ထောင်ရေး အကွဲအပြဲနဲ့ပါ ကြုံတွေ့လာတာ ဖြစ်ပါတယ်။
မာရင်က ဝန်ကြီးချုပ် မဟုတ်တော့ရင်တောင်မှ သူဟာ လွှတ်တော်ထဲမှာ ဆက်ရှိနေမယ်လို့ အတည်ပြုထားသလို မျိုးဆက်သစ် လူငယ်တွေ၊ အလယ်အလတ် သဘောထားရှိတဲ့ လူငယ်တွေကြားမှာ အထူးရေပန်းစားနေဆဲပါ။ ဒါပေမဲ့ ကွန်ဆာဗေးတစ် အတော်များများကတော့ မာရင်ရဲ့ မူဝါဒတွေကို သိပ်ပြီး သဘောမတွေ့ကြပါဘူး။
မာရင်ဟာ ဖင်လန်နိုင်ငံရဲ့ လွှတ်တော် သမိုင်းမှာ တက္ကသိုလ်တက်ရင်း ရွေးကောက်ခံရတဲ့ ပထမဆုံး အမတ်လည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီနောက် သူ့ရဲ့ နိုင်ငံရေးသမားဘဝ တက်လှမ်းမှုတွေက မြန်မြန်ဆန်ဆန် အရှိန်ရလာပြီး SDP ခေါင်းဆောင် အနေနဲ့ ဖင်လန် ဝန်ကြီးချုပ် ရာထူးကိုပါ ရရှိလာခဲ့တာ ဖြစ်ပါတယ်။