မေ၊ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ (၄၄)နဲ့ ဘီးလင်းမြို့နယ်က ရဲကင်းစခန်းနှစ်ခု ဒီကနေ့တရက်တည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ ကျိုက်ထို တပ်မ (၄၄)ရုံးရှေ့တည့်တည့်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတာ၊ ထိသွားတာက စစ်သားတဦးနဲ့ အဲ့မှာတပ်မိသားစုဝင်ကောင်လေး တယောက်ထိတယ်၊ သန့်ရှင်းရေးလုပ်နေတဲ့အချိန်ပေါ့၊ ဘီးလင်း ဝင်းကမှာက ရဲကင်းစခန်းဝင်ပစ်ခံရတာပါ၊ တဦးကျတယ်၊ တဦးဒဏ်ရာရတယ် ” လို့ သထုံခရိုင်ရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် တချိန်တည်းမှာပဲ တောင်စွန်းနယ်မြေရဲစခန်းလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် ဒီတိုက်ခိုက်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သူကပြောပါတယ်။
ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာသွား ကားလမ်းမကြီးဘေးမှာရှိတဲ့ တပ်မ (၄၄)ဌာနချုပ်ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မြို့နယ်ပကဖပူးပေါင်းတပ်ဖွဲ့က ဒီကနေ့မနက် ၁၁ နာရီကျော်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘီးလင်းမြို့နယ် ဝင်းက ကျေးရွာနယ်မြေရဲစခန်းကို နေ့လယ်သုံးနာရီဝန်းကျင်မှာ PDF ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ မိနစ် ၂၀ ကျော်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ တချိန်တည်းမှာပဲ ဘီးလင်းမြို့နယ် တောင်စွန်းရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ကျိုက်ထို စစ်ဆင်ရေးက KNLA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနှစ်လုံးနဲ့ ပစ်တာ၊ အဲဒါကတော့ အထိအခိုက်ရှိတာပဲ သိတယ်ပေါ့နော်၊ နောက် မွန်းလွဲပိုင်းက တချိန်တည်းပဲ ဒါက ကျိုက်ထိုနဲ့ ဘီးလင်းက PDF ပူးပေါင်းအဖွဲ့တွေက ဘီးလင်း ဝင်းက စခန်းကို သွားတိုက်တာ ” လို့ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဘီးလင်းမြို့နယ် ဝင်းက ရဲစခန်းကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေပြီး တခြား တိုက်ခိုက်မှုနှစ်ခုက ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာရှိသူသုံးဦးအနက် စစ်ကောင်စီတပ်သားတဦးက ဒဏ်ရာအနည်းငယ်ပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သထုံခရိုင်ရဲစခန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်မ (၄၄)တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်းကလောကျေးရွာနဲ့ အဲဒီအနီးအနားက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ လက်နက်ကြီးပစ်သံတွေကြားရတယ်၊ ဘယ်မှာ တိုက်ပွဲဖြစ်နေလဲတော့ မသိဘူး။ လေး၊ ငါး၊ ခြောက်ချက်လောက် ကြားရတယ်၊ ဆက်တိုက်ပဲ၊ ဝင်းကလောဘက်ကလို့ ပြောတာပဲနော်၊ အဲဒီဘက်ကို ပစ်တာပဲ ” လို့သူက ပြောပါတယ်။
မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး (PDF)ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ကင်းစခန်း၊ စစ်ဆေးရေးဂိတ်၊ တပ်ရင်း၊ တပ်မ၊ ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေကို မကြာခဏတိုက်ခိုက်လေ့ရှိပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံနေရတာကြောင့် KNU ထိန်းချုပ်နယ်မြေနဲ့ PDF တပ်ဖွဲ့တွေ လှုပ်ရှား သွားလာရာဒေသတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အဲဒီလက်နက်ကြီးတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်နဲ့ ဥယာဉ်ခြံလုပ်ငန်းခွင်ထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်တွေထိခိုက်သေဆုံးမှု ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ – KNU
ပုံစာ – KNLA တပ်ဖွဲ့ဝင်တချို့ကို စစ်မြေပြင်တနေရာတွင် တွေ့ရစဥ် (ပုံဟောင်း)