ဖယ်ခုံကရွာနှစ်ရွာဗုံးကြဲခံရလို့ သုံးဦးဒဏ်ရာရပြီး ဆယ်နှစ်အရွယ်ကလေးစိုးရိမ်ရ

မေ၊ ၆
 
ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ လန်းကောကျေးရွာနဲ့ ဘူးဖျားကျေးရွာတို့ကို စစ်ကောင်စီက ဒီနေ့မနက် လေးနာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ်ကလေးတဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရပြီး ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ လေယာဉ်နဲ့ ဗုံးလာကြဲတာရှင့်၊ အိမ်တွေရော သုံးလုံးထိခိုက်တယ်၊ စပါးကျီတွေရော နှစ်လုံး ထိခိုက်တယ်၊ ဘုရားကျောင်းလည်း ပျက်ကုန်ပြီ၊ အများကြီး ပျက်ကုန်တယ်၊ လန်းကောရွာဘက်မှာတော့ လူထိခိုက်တာ မရှိပါဘူး ” လို့ လန်းကော ကျေးရွာသူ တဦးက ပြောပါတယ်။
 
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ ဘူးဖျားရွာဒေသခံတွေထဲက ဆယ်နှစ်ကျော်အရွယ်ကလေးတဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိပြီး နောက်ထပ်နှစ်ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
 
ဒီကနေ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ရွာတွေအနီးတဝိုက်မှာ လတ်တလောတိုက်ပွဲ ဖြစ်နေတာမရှိဘဲ ပေါင်ငါးရာဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဘူးဖျားကျေးရွာမှာလည်း အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
 
“ တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်၊ ပေါ်ပေါ်တင်တင် စစ်ရာဇတ်မှု ကျူးလွန်တာပဲပေါ့၊ ရွာသားတွေက နီးစပ်ရာ တောတောင်ထဲမှာ သွားရှောင်နေရတယ်လို့ သိရပါတယ်” လို့ Union o Karenni State Youth (UKSY) က တွဲဖက်အတွင်းရေးမှူး -၁ ဖြစ်သူက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လန်းကောကျေးရွာသားတွေဟာ နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘူးဖျားရွာ ဒေသခံတွေရဲ့အခြေအနေကိုတော့ အတိအကျမသိကြရသေးပါဘူး။
 
ဖယ်ခုံမြို့နယ်ထဲက လန်းကောကျေးရွာဟာ အိမ်ခြေ ၇၀ ခန့်သာ ရှိတဲ့ ကျေးရွာငယ်တစ်ခုဖြစ်ပြီး လန်းကာကျေးရွာနဲ့ ဘူးဖျားကျေးရွာဟာ ရွာကူးလမ်းအတိုင်း ဆိုယ်ကယ်နဲ့ မိနစ် ၂၀ ခရီးလောက် ဝေးတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဟာ မနေ့ကလည်း ဖယ်ခုံနဲ့ပင်လောင်မြို့နယ်အစပ်က တောင်စလုံးကျေးရွာ၊ ခေါင်အိကျေးရွာတို့အပါအဝင် ရွာသုံးရွာကို တိုက်လေယာဥ်နှစ်စီးနဲ့ ပေါင်ငါးရာဗုံးတွေ ကြဲချခဲ့ပါသေးတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတော့ ဒေသခံပြည်သူ နှစ်ဦး မျက်စိနဲ့ နားက သွေးယိုစီးဒဏ်ရာတွေရခဲ့ပြီး နေအိမ်အများပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
 
ရှမ်းကယား နယ်စပ်တွေဖြစ်တဲ့ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နဲ့ ဒီးမော့ဆိုမြို့နယ်တို့က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု များတဲ့အတွက် လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။
 
ကရင်နီပြည်နယ်နဲ့ ရှမ်းကယားနယ်စပ်တွေမှာ စစ်ကောင်စီဟာ ကင်းထောက်လေယာဉ်တွေနဲ့ ကနဦးထောက်လှမ်းပြီးမှ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်ကျတူထားကြဖို့နဲ့ လေယာဉ်သံကြားရင် ဘေးကင်းတဲ့နေရာမှာ နေကြဖို့ ကရင်နီပူးပေါင်းတပ်တွေက အသိပေးထားပါတယ်။ 
ဓာတ်ပုံ – KamLaat-Kayah IDPs Assistance Network