ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ်(ကရင်နီ) ဖူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄နာရီကျော်ကြာမြင့်ခဲ့ကာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်ဟာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မိုဆိုကျေးရွာက ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၀ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဒန်ပါကား ၃စီး၊ ကားငယ် ၃စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မိုဆိုကျေးရွာအနီးမှာ ကင်းစခန်းချထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၄ဦးဟာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ စစ်အုပ်စုထံသွားရောက် တောင်းဆိုစဉ်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၄ဦးကို ကြိုးတုပ်ကာ ဦးခေါင်းတွေကို ပစ်ခွဲ ကွပ်မျက်ခဲ့တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။

စစ်အုပ်စုဟာ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး ဖရူဆိုမြို့နယ်နေ ပြည်သူတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လွိုင်ကော်မြို့မှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘာဒိုကျေးရွာက ပြည်သူ ၂ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အသက်ဆုံးပါးခဲ့ရပါတယ်။