မြန်မာ့အရေး နိုင်ငံတကာအစိုးရတွေရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်လုပ်ရပ်ကိုရပ်ဖို့ တောင်းဆို

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတချို့ရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေတာတွေ ကိုရပ်တန့်ဖို့ Justice For Myanmar ကတောင်းဆိုလိုက်ပါတယ်။

(၁၂) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်အဖွဲ့ အစည်းအဝေး (ADMM-PLUS EWG-CT) ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ မြန်မာစစ်တပ်က ပူးတွဲ ကျင်းပပြီးပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အပေါ် Justice For Myanmar ကအဲဒီလို တုံ့ပြန်လိုက်တာပါ။

အဲဒီ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ဩစတျေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီးအဲဒီအပေါ် Justice For Myanmar အနေနဲ့လုံးဝ ပြစ်တင်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ရဲဆေးတင်ပေးလိုက်ကြတဲ့အစိုးရအားလုံးကို Justice For Myanmar က အပြင်းအထန်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးကျင်းပခဲ့တဲ့ အခုရက်သတ္တပတ်အတွင်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်း တို့မှာ မြန်မာစစ်တပ်ဟာ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်အုပ်စုကိုတရားဝင်မှုပေးရမှာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့ စစ်အုပ်စုရဲ့အခွန်ဝင်ငွေကို ဖြတ်တောက်ဖို့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်းတွေ အရေးယူလုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေကို တာဝန်ခံစေရမှာဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝန်းအနေ နဲ့ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက်မှုကို ရပ်တန့်ပြီး မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ဖို့လိုကြောင်း Justice For Myanmar ကဆိုပါတယ်။

အဲဒီအစည်းအဝေးကို စစ်အုပ်စုရဲ့ဒုတိယလေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်က ရုရှားဗိုလ်ချုပ်တစ်ဦးနဲ့အတူ ပူးတွဲ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။