စစ်မြေပြင်မှာ ငါးလအတွင်း ရုရှားစစ်သား နှစ်သောင်းကျော် သေဆုံးကြောင်း အမေရိကန် ခန့်မှန်း

မေ၊ ၂

ငါးလတာအတွင်း ယူကရိန်း စစ်မြေပြင်မှာ ရုရှားစစ်သား နှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ အမေရိကန် အစိုးရက ခန့်မှန်း ပြောကြားခဲ့ပါတယ်။

 ဒီဇင်ဘာလကစလို့ ဧပြီလကုန်ထိ ငါးလတာ အတောအတွင်း ရှေ့တန်း စစ်မြေပြင်မှာ ရုရှားစစ်သား နှစ်သောင်းလောက် သေကြေတဲ့အပြင် ရှစ်သောင်းလောက်ကလည်း ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပြောပါတယ်။

 အမေရိကန်က ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်သစ် တချို့ကို ထုတ်ပြန်ချိန်မှာ ကာဘီက အခုလို မှတ်ချက် ပေးခဲ့တာပါ။ ငါးလအတွင်း သေဆုံးခဲ့တဲ့ ရုရှားစစ်သား နှစ်သောင်းလောက်ထဲက ထက်ဝက်ဟာ ဘက်ခ်မတ်မြို့ကို သိမ်းယူဖို့ ကြိုးစားနေတဲ့ Wagner ကြေးစား တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ကာဘီက ဆိုပါတယ်။

 ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ အဲဒီမြို့ငယ်လေးကို သိမ်းပိုက်နိုင်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ Wagner တပ်ဖွဲ့တွေ ဦးဆောင်တဲ့ ရုရှားထိုးစစ်ဟာ မြို့ကို အရပ်မျက်နှာ အတော်များများကနေ ဝန်းရံ ပိတ်ဆို့ထားနိုင်ပေမယ့် အဓိက ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကိုတော့ ယူကရိန်းက ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 ဘက်ခ်မတ်ကနေတဆင့် ဒွန်းဘက်စ် ဒေသမှာ ထိုးစစ်တခု ဆင်နွှဲဖို့ ရုရှားရဲ့ အရင်းအနှီးကြီးကြီး အားထုတ် ကြိုးစားမှု အများစုဟာ တောက်လျှောက် အရေးနိမ့်နေခဲ့တယ်လို့ ကာဘီက ဆိုပါတယ်။

 ဘက်ခ်မတ်မှာ ရုရှားစစ်သား တစ်သောင်းလောက် သေကြေခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းထားတဲ့ ကိန်းဂဏန်းတေါကို ဒီဇင်ဘာလကမှ စတင် ရေတွက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကာဘီက ဘက်ခ်မတ်မှာ ကျဆုံးခဲ့တဲ့ ယူကရိန်း စစ်သည် အရေအတွက် ခန့်မှန်းချက်ကိုတော့ မထုတ်ပြန်ပါဘူး။

 ဒီစစ်ပွဲကြီး တခုလုံးမှာ ယူကရိန်းတွေက ထိခိုက်နစ်နာသူတွေဖြစ်ပြီး ရုရှားက ကျူးလွန်သူတွေဖြစ်ကြောင်း၊ သေချာပေါက် ပြောနိုင်တာ တခုက မတရား ကျူးကျော်စစ်ပွဲကြောင့် ရုရှားဟာ မျှော်လင့်မထားတဲ့ တန်ပြန် ထိခိုက်မှုတွေကို အလူးအလဲ ခံစားနေရကြောင်း ကာဘီက ပြောကြားသွားပါတယ်။