ဟုမ္မလင်းမှာ စစ်ကောင်စီခံစစ်ကုန်းတခုနဲ့ စခန်းသုံးခု တိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ဖမ်းဆီးခံထားရ

ဧပြီ၊ ၂၉
 
စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီရဲ့ ခံစစ်ကုန်းတခုနဲ့ ပျူစောထီးရွာသုံးရွာက ရဲကင်းစခန်းသုံးခုကို ဒီကနေ့မနက်ပိုင်းမှာ တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဟုမ္မလင်းမြို့နယ်ထဲက ဝဲဟက် စခန်းကုန်းနဲ့ အောင်သာယာ၊ အောင်စည်သာ၊ ထိန်းကူး စတဲ့ပျူစောထီးရွာတွေက ရဲကင်းစခန်းသုံးခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၉ ရက် မနက် ၅ နာရီမှာ တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
 
“ ခံစစ်ကုန်းတခုနဲ့ ပျူရွာတွေကို အလစ်အငိုက်ဝင်တိုက်တယ်၊ ရှစ်နာရီမှာ ဂျက်ဖိုက်တာတွေနဲ့ သုံးကျော့လာပစ်သွားတယ်၊ ဒေသခံတွေကော ကာကွယ်ရေးတပ်တွေကော ကတော့ အထိအခိုက်မရှိဘူး “ လို့ ဟုမ္မလင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
အဲ့ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တာ ရှိ၊ မရှိ အသေးစိတ်အချက်အလက်တွေကို ဆက်သွယ်ရေး ဖုန်းလိုင်းအခက်အခဲတွေကြောင့် မသိရသေးပါဘူး။
 
လက်ရှိအချိန်မှာ နှစ်ဘက်စစ်ရေးတင်းမာနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်ရာအသိုင်းဝိုင်းတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
 
“ အခြေအနေက နီးစပ်အသိုင်းဝိုင်းတွေ မိသားစုဝင်တွေကို လိုက်ဖမ်းနေတာ အနည်းဆုံးငါးဦးအထက်မှာရှိတယ် ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဟုမ္မလင်းနယ်ထဲမှာ စစ်အုပ်စု၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့သစ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲတွေက ရက်ပိုင်းအကြာ သိမ်းပိုက်ခဲ့သလို နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်အုပ်စုရဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် (Mi-17)တစီးကို ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတည်ပြုထားပါတယ်။ 
ဓာတ်ပုံ – HPDF
ပုံစာ – ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။