ဧပြီ၊ ၂၉
မွန်ပြည်နယ်၊ ရေးမြို့ အဝင်က စစ်ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့တွေရဲ့ ဂိတ်စခန်း ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ကျွန်တော်တို့ကြားတာတော့ တယောက်သေသွားတယ်၊ သေတဲ့သူကတွေက BGF တွေလို့ ပြောတယ်၊ နှစ်ယောက်လောက် ဒဏ်ရာရတယ်လို့ ပြောတယ်၊ သေချာတယ်၊ အဲနားကလူတွေမေးကြည့်တော့ မနက်က ပစ်ခတ်သံတွေ ကြားခဲ့ရတယ်တဲ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေးမြို့အဝင် ခမရ (၅၈၆)တပ်ရင်းအနီး၊ တူးမြောင်းကျေးရွာကြားမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)၊ DKBA၊ ပြည်သူ့စစ် ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းကို ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ အမည်မသိလူတစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
“ အဲဒီဂိတ်မှာက စစ်သားလည်းရှိတယ်၊ BGF၊ ပြည်သူ့စစ်၊ DKBA တွေ တပ်စွဲထားတာ။ မြို့အဝင်နားလေးပေါ့။ အဲဒီနားမှာ အရင်တုန်းက ဂိတ်မရှိဘူး အကို၊ သိပ်မကြာသေးဘူးပြန်ဖွင့်ထားတာ နေမယ် ” လို့ သူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ရေးဘီလူးအဖွဲ့ဘက် တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သင်္ကန်းဝတ်ထားတဲ့ ရေးဘီလူးအဖွဲ့ဝင်လေးဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်ရှိလာပြီး စစ်ဆေးရေးဂိတ်ကို လုံခြုံရေးယူနေတဲ့ BGF တပ်ဖွဲ့ဝင်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ တူးမြောင်းကျေးရွာဘက်ကို ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင်တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ရေးဘီလူးအဖွဲ့ဝင်တွေ ကျကျန်ခဲ့တဲ့ သင်္ကန်းနှစ်ထည်၊ M 16 ကျည်ဘောက်အရှည်နဲ့ ဆက်ပစ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့သာ ဖော်ပြထားပြီး သင်္ကန်ဝတ်နဲ့ ဟုတ်၊ မဟုတ်ကို သိရှိနိုင်ဖို့ ရေးဘီလူးအဖွဲ့ထံ DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်တွေ၊ စစ်အုပ်စုနဲ့နီးစပ်သူတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏပစ်ခတ်တိုက်ခိုက်ခံရလေ့ ရှိပါတယ်။
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်ချန်နယ်