CNF ဌာနချုပ်အနီးက ကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ ဒေသခံနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဧပြီ၊ ၂၇
 
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်အနီးက တလန်လိုကျေးရွာ (Tlanglo)ကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၇ ရက်ညနေ ၃နာရီ ခွဲဝန်းကျင်မှာ ဗုံး ၂ လုံးကြဲချခဲ့ရာ ဒေသခံ ၂ ဦးသေဆုံး၊ ငါးဦးဒဏ်ရာရကာ နေအိမ်ငါးလုံးပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
 
” သုံးနာရီ မိနစ်နှစ်ဆယ်လောက်မှာ လာကြဲသွားတာ။ အရပ်သားတွေကိုပဲ ပစ်မှတ်ထားနေတယ်။ မြေပြင်ကကျ မလာရဲကြတော့ဘူး ” လို့ CNA နယ်မြေရှိ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက CDM ဆရာမ ဒေါ်နီဒိမ်၊ ဦးဟရမ်ကျဲအိုတို့ သေဆုံးတယ်လို့ သိရပါတယ်။ တလန်လိုကျေးရွာဟာ CNA ဌာနချုပ်နဲ့ ဌာနချုပ်နဲ့ အနီးဆုံးကျေးရွာဖြစ်ပြီး ဌာနချုပ်ကနေ ဆယ်မိုင်ဝန်းကျင်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ ဧပြီလ ၂၅ ရက်နေ့မှာလည်း ထန်တလန်နဲ့ ဟားခါးကြားက သီးမစ်လွင်ပြင်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနေ့က သီးမစ်လွင်ပြင်က စစ်ကောင်စီစခန်းတောင်ကုန်းကို ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းအမျိုးသားတပ်ဦး CNF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စခန်းတောင်ကုန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်မှုပြင်းထန်တဲ့ ချင်းပြည်နယ်ကို နယ်မြေအနေအထားအရ ရင်ဆိုင်တိုက်ခိုက်ဖို့ မလွယ်တဲ့အတွက် လေကြောင်းပစ်အားကို အားထားတိုက်ခိုက်နေပါတယ်။
 
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလမှာ စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု၂၀၀ နီးပါး၊ ဗုံးအလုံး ၃၅၀ ကျော်ကြဲချတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် သေဆုံးသူ ၃၈ ဦးနဲ့ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
 
ဧပြီလအတွင်းမှာပဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၄၇ ကြိမ်၊ ဗုံးအလုံးရှစ်ဆယ်ကျော်နဲ့ တိုက်ခိုက်လို့ CNF တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရခဲ့ပါတယ်။ 
ဓာတ်ပုံ – The Chin Journal