ကန့်ဘလူမြို့နယ်မှာ တနှစ်ခွဲကျော်လအတွင်း စစ်ဘေးရှောင် ၆၁ဦးပိုးထိ၊ ကလေးနှစ်ဦးအပါအဝင်ငါးဦးသေဆုံး

ဧပြီ၊ ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်စစ်ရှောင်ရတဲ့ တနှစ်ခွဲကျော်ကာလအတွင်း စစ်ဘေးရှောင် အရပ်သား ၆၁ဦးမြွေပွေးကိုက်ခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးအသက်ဆုံးရှုံးခဲ့တယ်လို့ကန့်ဘလူခရိုင်သတင်းပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

‘’အာဏာသိမ်းပြီး စစ်ရှောင်ရတဲ့ တနှစ်ခွဲကျော်ကာလမှာ ပိုးထိတာ၆၁ ဦး၊ဆေးကုသမှုအချိန်မမှီလို့အသက်ဆုံးရှုံးတာ ငါးဦးပါ’’ လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။

မြေကိုက်ခံရသူပေါင်း ၆၁ ဦးမှာအမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အသက် ရှစ်နှစ်နဲ့ ကိုးနှစ်အရွယ်ကလေးနှစ်ဦးအပါအဝင်  ငါးဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးသူငါးဦးအနက် နှစ်ဦးကတော့ အခု ဧပြီလအတွင်းမှာသေဆုံးတာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ လေးဦး မြွေဆိုးကိုက်ခံခဲ့ရကာ  ရှစ်နှစ်အရွယ်ကလေးတဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးသွားခဲ့တာပါ။

မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်လေးဦးကတော့ ကန့်ဘလူမြို့နယ် ၊ကိုးတောင်ဘို့တိုက်နယ်က ကလေးနှစ်ဦးနဲ့  မလည်တိုက်နယ်ကတဦးနဲ့ ထန်းကုန်းတိုက်နယ်က တဦးဖြစ်တယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင်ဧပြီလ ၂၅ ရက်က ညဆယ်ရီခန့်ကထန်းကုန်းတိုက်နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးဟာ ကလေးဖြစ်သူကျန်းမာရေးအတွက် ဆေးပေးခန်းသွားရာမှာ မြွေကိုက်ခံရပေမယ့် ဆေးကုသခွင့်ရလို့အသက်ရှင်ခဲ့တယ်လို့လည်းသိရပါတယ်။

“မြွေကိုက်ခံရတာ ခြေထောက်မှာ ၃ ချက်ရှိတယ်။ ကံကောင်းချင်တော့ စစ်ဘေးရှောင်တွေကို ဆေးလာကုပေးတဲ့ဆရာမက မပြန်ဘဲ ညအိပ်တာကြောင့် ဆေးကုသခွင့် အချိန်မီရတာ။ ဟိုလိုဆိုမလွယ်ဘူး။ ဒါတောင် မြွေဆိပ်ဖြေဆေးက အဆင်သင့်မရှိလို့ ဘေးနားရွာတွေမှာ အကူညီတောင်းချေးငှားရတယ်။ ဒီဘက်မှာ BPI တော့မရှိဘူး ။အိန္ဒိယ မြွေဆိပ်ဖြေဆေးပဲရတယ်။အိန္ဒိယဆေးအလုံး ၂၀ ထိုးရတယ်။ သက်ဆိုင်ရာမြေပြင်ကျန်းမာရေးဌာနကိုလွှဲပေးထားတယ်’’ လို့ မြေပြင်စစ်ဘေးရှောင်ကူညီရေးအဖွဲ တာဝန်ရှိသူက ဆိုပါတယ်

လက်ရှိအခြေအနေမှာ BPI ထုတ်မြွေဆိပ်ဖြေဆေးတလုံးကို ကျပ်တသိန်းသုံးသောင်းလောက်ပေးရပြီး အိန္ဒိယမြွေဆိပ်ဖြေဆေးကတော့ ကျပ်နှစ်သောင်းခွဲကနေ သုံးသောင်းလောက်သာရှိပေမယ့် ဆေးတွေက လိုသလောက်ဝယ်မရဘူးလို့လည်း ဆက်ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုဒဏ်ကြောင့် တောတွေထဲမှာ စစ်ဘေးရှောင်နေကြရသလို မြွေဆိုးအန္တရာယ်နဲ့အပါ ရင်ဆိုင်နေကြရပြီး မြွေကိုက်ခံရချိန်မှာ တနေရာနဲ့တနေရာ အလွယ်တကူသွားလာလို့မရတာကြောင့် အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။

ဒါ့အပြင် မြွေကိုက်ခံရသူတွေအနေနဲ့ မြွေဆိပ်ဖြေဆေးအလုံအလောက်မရှိတာ အချိန်မီဆေးဝါးကုသမှုမခံယူနိုင်တာတွေကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားရတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

“ကျွန်တော်တို့ဒေသတွေက အရင်ကတည်းက မြွေပေါတဲ့ဒေသပေါ့ဗျာ။ အခု ရာသီဥတုပိုပူပြင်းလာတဲ့အခါဆိုတော့ မြွေဆိုးကိုက်ခံရတာတွေ ခပ်စိပ်စိပ်လာရတော့ပေါ့။ အခု (ဧပြီလထဲမှာ) မြွေကိုက်ခံရတဲ့ လေးဦးမှာ ရှစ်နှစ်အရွယ်‌ ယောကျ်ားလေးနဲ့ အသက် ၅၀ ကျော် အမျိုးသားတယောက် အချိန်မီ ဆေးဝါးမကုသနိုင်လို့ အသက်ဆုံးရှုံးခဲ့ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။