စစ်ကြောင်းထိုးခံနေရတဲ့ ဝက်လက်မှာ ရွာသုံးရွာမီးရှို့ခံရပြီး ဒေသခံတဦးအသတ်ခံရ

ဧပြီ၊ ၂၆

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရွာသုံးရွာကိုမီးရှို့ခဲ့သလို ဒေသခံ တဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသ ခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

စစ်ကောင်စီဟာ ဝက်လက်မြို့နယ်ထဲကို အခုလပထမပတ်ကတည်းက စတင်ဝင်ရောက်စစ်ကြောင်းထိုးနေ တာ ဖြစ်ပြီး မူးကြီး၊အောင်ချမ်းသာ၊ဘင်တဲကုန်း စတဲ့ရွာတွေက နေအိမ် တရာကျော်ကို မီးရှို့ခဲ့သလို လှတောရွာက အသက် လေးဆယ်ဝန်းကျင် အမျိုးသားတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မဲကုန်း(ရွာ)ကိုစစ်ကြောင်းထိုးနေတဲ့လှတောကစစ်ကြောင်းကအသက်လေးဆယ်ဝန်းကျင်လောက်ရှိတဲ့အမျိုးသားတယောက်ကိုမနေ့ကပဲသတ်သွားတယ်၊လှတောရွာအရှေ့ဘက်ကအမှိုက်ပုံမှာမီးတင်ရှို့သွားတာအလောင်းကို”လို့ဒေသခံတဦးကDNAကိုပြောပါတယ်။

စစ်ကောင်စီဟာ ဝက်လက်နယ် အရှေ့ခြမ်း စဉ့်ကူးမြို့နယ် နယ်စပ်ကနေ စစ်ကြောင်းတခု ဝက်လက်နယ်အ နောက်ခြမ်းကို စစ်ကြောင်းတခုနဲ့ အခုလဆန်းပိုင်းမှာ စတင်စစ်ကြောင်းထိုးခဲ့တာပါ။

ဝက်လက်နယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီစစ် ကြောင်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်တာ ကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေလည်းရှိနေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကအထိအခိုက်မရှိဘူး၊ဖြစ်တာတော့သခွပ်တောနဲ့ရွာသာကြီးမြောက်ဖက်ကျီးကန်ကြားမှာဖြစ်တာ၊သူတို့ဘက်ကသေတာတော့တပ် သားတွေချည်းပါပဲ၊ကျွန်တော်တို့ဘက်ကတော့လက်နက်အတွက်အဓိကအခက်အခဲဖြစ်နေတယ်၊ကုန်ကြမ်းကလဲတိုက်ပွဲဖြစ်နေတော့ဝယ်ရတာတအားရှားပြီးတအားစျေးတက်နေတယ်”လို့သူကဆိုပါတယ်။

တိုက်ပွဲတွေမှာ အထိနာတာကြောင့် စစ်ကောင်စီက အင်အားခုနစ်ဆယ်ဝန်းကျင်းပါတဲ့ နောက်ထပ် စစ်ကြောင်းတခု ဒီက နေ့မနက်ပိုင်းမှာ စဉ့်ကူးနယ်ဘက်ကနေ အင်အားထပ်ဖြည့်လာတယ်လို့ ဆိုပါတယ်။လက်ရှိမှာ စစ်ကောင်စီ တပ် သားနဲ့ ပျူစောထီးတချို့ကိုလည်း ဒေသကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်ရှိတယ်လို့သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဝက်လက်ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာဝက်လက်နယ်ထဲကရွာသာကြီး၊ထုံးဘို၊လှည်းကူးကြီး၊ကဒူးအစရှိတဲ့ကျေးရွာတွေအပြင်မူကြီး၊ဘင်တဲကုန်း၊အောင်ချမ်းအစရှိတဲ့ကျေးရွာကပြည်သူတွေရှောင်တိမ်းနေကြရတဲ့အတွက်စားနပ် ရိက္ခာ အပါအဝင်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိနေပြီးအိမ်ခြေပေါင်း ခြောက်သောင်းထက်မနည်းမီးရှို့ခံထားရပါတယ်။