စစ်ကောင်စီရဲ့ မယ်စိတာဂိတ်စခန်း KNLA က နာရီဝက်အတွင်းသိမ်း

ဧပြီ၊ ၂၄
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်မှ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ဒီနေ့မနက်က နာရီဝက်အတွင်း သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ချေးမှုန်းရေးရိုင်ဖယ် (၅) လက်ကို သိမ်းဆည်းရမိတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
 
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲက တပ်မဟာ (၁)သထုံခရိုင်နဲ့ တပ်မဟာ(၅) ဖာပွန်ခရိုင် ကြားမှာတည်ရှိပြီး အချက်အချာကျတဲ့ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက် နံနက် ၄ နာရီခွဲမှာ KNLA တပ်မဟာ (၁) နဲ့ တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ နံနက် ၅ နာရီမှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စကခ-၈ လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်းရဲ့ မယ်စိထား စစ်ဆေးဂိတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၅) ဦး သေဆုံးသလို ၁၀ ဦးမှာ စခန်းက စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် (၅) လက်၊ ကျည်ဘောက် (၂၀)ခု၊ ကျည်ဆန် (၁၅၀၀) ခန့်ကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိတယ်လို့ KNU က ထုတ်ပြန်လာတာပါ။
 
အဲဒီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေကို စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ အရပ်သားတွေကို စခန်းကိုခေါ်ယူပြီး လူသားဒိုင်းပြုလုပ်လေ့ရှိတဲ့ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲကို KNLA ပူးပေါင်းတပ်တွေမှ အမှတ်(၁) တပ်မဟာဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနဲ့ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့က ဦးဆောင်ခဲ့ပြီး ပူးပေါင်းတပ်တွေက ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
 
ဧပြီလ ၂၂ ရက်ကလည်း ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း (၄) ခုကို KNLA တပ်မဟာ (၃) တပ်ပေါင်းစုက တပြိုင်နက် တိုက်ခိုက်ခဲ့ရာ စခန်း (၂)ခုကို သိမ်းပိုက် ဖျက်စီးနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူးတဦး အပါအဝင် ၁၆ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – KNLA