ပုသိမ်မြို့ ဗဟိုမဏ္ဌပ်ရှေ့မှာ ဗုံးပေါက်ကွဲ

ဧပြီ၊ ၁၁

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ ဒီနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ဗဟိုမဏ္ဌပ်ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နေရာအနီးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံအချို့က DNA ကိုပြောပါတယ်။ ဗုံးပေါက်ကွဲမှုအပြီးမှာ အဲဒီနေရာကို လုံခြုံရေးယူထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကားတစီးနဲ့ လှည့်ပြီး သေနတ်ပစ်ဖောက် ခြောက်လှန်ခဲ့တယ်လို့ ဆိုပါတယ်။
“ သေနတ်သံ အချက် ၂၀ ဝန်းကျင်လည်း ကြားရတယ် ” လို့ ကမ်းနားလမ်းမှာ နေထိုင်သူ တဦးက ပြောပါတယ် ။
ဗုံးပေါက်ကွဲမှုဟာ ပုသိမ်မြို့တော်ခန်းမနဲ့ တံတားသစ်ကြားမှာ ဖြစ်ပြီး လက်တလောမှာ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို DNA က စုံစမ်းနေစဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်အပြီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကမ်းနားလမ်းတလျှောက်မှာ စစ်ဆေးရေးတွေ တင်းကျပ်နေပြီး လူငယ်တဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။