ယူကရိန်းကို တပ်ဖွဲ့ဝင်တချို့ ပေးပို့ထားကြောင်း သတင်းတွေကို ပြင်သစ် ငြင်းဆို

ဧပြီ၊ ၁၀

ယူကရိန်းမှာ စစ်တပ်တွေ သွားရောက် ဖြန့်ကျက်ထားတယ်ဆိုတဲ့ သတင်းကို ပြင်သစ် အစိုးရက ငြင်းပယ်သွားခဲ့ပါတယ်။

 ပေါက်ကြားလာတဲ့ အမေရိကန် ထိပ်တန်း စစ်ထောက်လှမ်းရေး အစီရင်ခံစာတွေထဲမှာ ပြင်သစ်က ယူကရိန်း နိုင်ငံ ပိုင်နက်ထဲ တပ်တွေ ဖြန့်ကျက်ထားတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ပါဝင်ခဲ့တဲ့နောက် ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ပြန်လည် ဖြေရှင်း ငြင်းဆိုခဲ့တာပါ။

ယူကရိန်းရဲ့ စစ်ဆင်ရေးတွေမှာ ဘယ်ပြင်သစ်စစ်သားမှ ပါဝင်ချိတ်ဆက် ဆောင်ရွက်နေတာမျိုး မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီး ဆီဘက်စတီယန် လီကော်နူက Le Monde သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

အစောပိုင်းကတော့ ပြင်သစ်၊ အာမေးနီးယား၊ ဗြိတိန်နဲ့ လတ်ဗီးယားတို့လို NATO အဖွဲ့ နိုင်ငံတွေဟာ ရာဂဏန်း အနည်းငယ်လောက်သာရှိတဲ့ အထူးတပ်ဖွဲ့ဝင် တချို့ကို ယူကရိန်းဆီ စေလွှတ်ပြီး စစ်ဆင်ရေး ကဏ္ဍမှာ အကူအညီတွေ ပေးနေကြောင်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကစလို့ လူမှုကွန်ရက် မီဒီယာတွေမှာ တဖြည်းဖြည်းချင်းစီ ပေါက်ကြား ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေမှာ ယူကရိန်း စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည် ဆန်းစစ်မှုတွေ၊ လေ့ကျင့်ရေး စွမ်းရည်တွေနဲ့ အသေအပျောက်တွေပါ ပါဝင်နေပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အဲဒီလို ထိပ်တန်း လျှို့ဝှက်အဆင့်လို့ နာမည်တပ်ထားတဲ့ စစ်ထောက်လှမ်းရေး မှတ်တမ်း အချက်အလက်တွေ ပေါက်ကြားလာတဲ့အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပေမယ့် ရုရှားရဲ့ သတင်း အချက်အလက်မှား ဖြန့်ဝေမှုတွေလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ အဲဒီ မှတ်တမ်းတွေကို စတင် ဖြန့်ဝေလိုက်တဲ့ ရင်းမြစ်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အဲဒီ မှတ်တမ်းတွေဟာ ပြင်သစ်စစ်တပ် လက်ထဲကနေ ပေါက်ကြား ထွက်ပေါ်လာတာ မဟုတ်တဲ့အတွက် ပြင်သစ်နဲ့ ပတ်သက်ပြီး ထည့်သွင်းရေးသားထားတဲ့ အချက်အလက်တွေအပေါ် မှတ်ချက်ပေးစရာ အကြောင်းလည်း မရှိဘူးလို့ လီကော်နူက ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

Ref: Politico