မြင်းခြံမြို့ ယုန်ထိုးရွာတိုက်ပွဲမှာ စစ်အုပ်စုဖက်က ၁၆ ဦးလောက်သေဆုံးပြီး သေနတ်နှစ်လက်ရရှိ

ဧပြီ၊ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အရှေ့ဖက်ရှိ ယုန်ထိုးရွာအနီးမှာ မနေ့က ညပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်အုပ်စုဖက်က ၁၆ ဦးလောက်သေဆုံးပြီး သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြင်းခြံ District Drone Strike Team က တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

မနေ့ကဧပြီ ၈ ရက်၊ ည ၁ နာရီလောက်မှာ ယုန်ထိုးရွာမှာ တဆင့်ဆိုင်ကယ် ၈ စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စု ၁၆ ယောက်လောက်ကို စောင့်ဆိုင်းပြီး အသင့်နေရာယူ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ရွာထဲမှာ ကျန်ခဲ့တဲ့စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တနာရီလောက် အပြန်အလှန်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ခဲ့တာပါ။

” မနက်ကတည်းကတည်းက အဲရွာကို သူတို့ဝင်သွားတာပေါ့ သူတို့ထွက်အလာကို ကျနော်တို့က နေခင်းကတည်းကစောင့်တယ်။ ညတနာရီလောက်မှာ ရှေ့ပြေးအနေနဲ့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ကောင်တွေ ကျနော်တို့ အပိုင်ကိုင်လိုက်တော့ အကုန်လျောသွားတယ်။ သေနတ်နှစ်လက်ကိုလည်း သိမ်းခဲ့လိုက်နိုင်တယ် ” လို့ သူကပြောပါတယ်။

အဲဒီတိုက်ပွဲကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊မြင်းခြံရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မန္တလေး PDF-MDY၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ မြင်းခြံ District Drone Strike Team တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ နွားထိုးပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော် ၂ ဦးလည်းကျဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။

” ကျနော်တို့ သေနတ်ကောက်နေတဲ့ အချိန်လောသွားလို့ ဖြစ်သွားတာပါ။ သေနတ် အလတ် ၂၀ လောက်ကောက်ပြီး ပုံထားချိန် တယောက်က ဖုန်းမီးဖွင့်ပြီး သေနတ်ရှာလိုက်တာပေါ့။ အဲမှာ ရွာထဲကခွေးတွေကမီးမြင်ရတဲ့နေရာပစ်လိုက်တော့ တဦးကပွဲချင်းပြီး ကျသွားတယ်။ တဦးကတော့ ဒီကနေ့ မနက်မှာ ရလာတဲ့ဒဏ်တွေကြောင့် ကသွားတာပါ။ တိုက်ပွဲဖြစ်နေတော့ ကောက်ထားတဲ့ သေနတ်တွေက ကျန်ခဲ့ပြီး နှစ်လက်ပဲယူလာလိုက်နိုင်တာပေါ့ ” လို့ သူကပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ ယုန်ထိုးရွာက မြင်းခြံမြို့ပေါ်နဲ့ဆို ၁၁ မိုင်သာဝေးတယ်လို့ ဒေသခံ တွေကပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာမှာ အားကောင်းတဲ့မြို့နယ်တမြို့လည်းဖြစ်ပါတယ်။