အာဏာသိမ်းမှုအောက်မှာ စစ်ကောင်စီဖိအားပေးပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်အောင်မြင်မှာလား

ဧပြီ၊ ၉
 
စစ်အာဏာသိမ်းမှုအောက်မှာ ဒုတိယအကြိမ်မြောက်ရောက်လာမယ့် လာမယ့်သင်္ကြန်ကာလကို စည်ကားစေဖို့ စစ်ကောင်စီက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ဖို့ ဒေသတချို့မှာ ဖိအားပေးပြင်ဆင်နေပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်ကားအောင် အခုလိုလုပ်ဆောင်နေတာဟာ ပြည်သူတွေကို လှည့်စားမှုတခုဖြစ်သလို နိုင်ငံတကာကိုလည်း လှည့်စားမှုဖြစ်တာကြောင့် စစ်တပ်က လုပ်တဲ့ သင်္ကြန်ကိုဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေပါတယ်။
 
” စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်ပေါ့နော်၊ သင်္ကြန်ပွဲတော်မှာ သူတို့ (စစ်ကောင်စီ)က ပြည်သူတွေကို လှည့်စားတဲ့ ပုံစံပေါ့နော်၊ နိုင်ငံတကာကို လှည့်စားတဲ့ပုံစံ၊ သူတို့က ဒီတိုင်းပြည်အေးချမ်းနေပြီပေါ့၊ သူတို့ထိန်းချုပ်နိုင်ပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီသင်္ကြန်ပွဲတော်သူတို့ လုပ်နေတာပေါ့။ တကယ်တမ်းမြေပြင်မှာ ဖြစ်နေတာက နေ့စဉ်တိုက်ပွဲဖြစ်နေတယ်၊ နေအိမ်တွေ နေ့စဉ်မီးရှို့ခံနေရတယ်၊ ပြီးတော့ ဖမ်းဆီးသတ်ဖြတ်ခံနေရတာတွေလည်း အများကြီး ရှိနေတယ်။ စိတ်မွန်းကြပ်မှုတွေရှိနေတဲ့ ပြည်သူတွေကို နားလည်ပေးပါတယ်၊ ဒါပေမယ့် ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီးတော့ အေးဆေးနဲ့ သင်္ကြန်ကို ဖြတ်သန်းကြပါလို့ ကျွန်တော်တို့ pdf တွေက တောင်းဆိုချင်ပါတယ် ” လို့ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
စစ်ကောင်စီဘက်ကတော့ သင်္ကြန်ပွဲတော်စည်ကားဖို့ နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ပုံစံမျိုးစံနဲ့ ကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ဆောင်နေသလို ပွဲတော်ဖြစ်မြောက်ရေး အစည်းအဝေးတွေလည်း အဆက်မပျက်လုပ်ဆောင်နေပါတယ်။
 
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာဆိုရင်လည်း ဘားတွေနဲ့ အရက်ယမကာရောင်းချတဲ့ ဆိုင်တွေဆီကနေ စစ်ကောင်စီရဲ့စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်ပြီး သင်္ကြန်အတွက်ဆိုကာ တဆိုင်ကို ငွေကျပ်နှစ်သိန်းစီ လိုက်လံတောင်းယူနေတယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီက သိရပါတယ်။
 
အလားတူပဲ မန္တလေးတိုင်း စစ်ကောင်စီက လာမယ့်သင်္ကြန်ပွဲတော်ကို အရင်အစိုးရလက်ထက်တွေကလို ပြန်လည်စည်ကားစေဖို့ ကြိုးပမ်းနေသလို ကျူံးတောင်ဖက်မှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်အတွက်လည်း Non-CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေ ရှိနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။
 
အဲဒီအစည်းအဝေးတွေထဲမှာဆိုရင် ဗဟိုမဏ္ဏပ်သင်္ကြန်၊ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဏပ်၊ ယိမ်းအကပြိုင်ပွဲတွေ၊ စတုဒီသာကျွေးမွေးရေး အစီအစဉ်တွေနဲ့ သက်ကြီးရွယ်အိုပူဇော်တွေကအစ ထည့်သွင်းထားပြီး နာမည်ကြီးအနုပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီဟာ မြို့ကြီးပြကြီးတွေဖြစ်တဲ့ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတွေမှာ သင်္ကြန်စည်ကားစေဖို့အတွက် ပုဂ္ဂလိက ရေကစားမဏ္ဏပ်တွေကို အခမဲ့ဦးရာလူစနစ်နဲ့ လျှောက်ထားကြဖို့ စစ်ကောင်စီက ထပ်ခါတလဲလဲ နိုင်ငံပိုင်မီဒီယာတွေမှာ ကြေညာနေပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မြို့နယ်အတွင်းမှာ ရပ်ကွက်တစ်ခုကို မဏ္ဍပ်တစ်ခုနှုန်းနဲ့ မဖြစ်မနေ ဆောက်လုပ်ဖို့ ဖိအားပေးနေတဲ့အပြင် တအိမ်တက်တအိမ်ဆင်းပြီး အလှူငွေကောက်ခံနေတာတွေလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
 
“လမ်းလျှောက်သင်္ကြန်တွေ ပြန်လုပ်မယ်၊ ရပ်ကွက်တွေမှာဆိုရင် အခုဆို မြို့နယ်တွေပေါ့နော်၊ မြို့နယ်တွေမှာ ရှိတဲ့ ရပ်ကွက်လူကြီးတွေ အကြမ်းဖက်စစ်အုပ်စုတွေက ရပ်ကွက်နေ ပြည်သူတွေကို အစည်းအဝေးခေါ်တာရှိတယ်၊ ပြီးရင် တအိမ်တက်တအိမ်ဆင်းပြီးတော့ ရေကစားမဏ္ဍပ်တွေ ဆောက်ဖို့အတွက် ဆိုပြီးတော့ အတင်းအကြပ်အလှူငွေကောက်တာတွေ၊ အဲလိုမျိုးတွေ။ ပြီးရင် ရပ်ကွက်တစ်ခုကို မဏ္ဍပ်တစ်ခု မဆောက်မနေရ၊ အုန်းလက်မဏ္ဍပ်က စလို့ပေါ့နော်၊ မဆောက်မနေရ ပုံစံမျိုးတွေ၊ တင်းတင်းကြပ်ကြပ်နဲ့ အဓမ္မခိုင်းနေတာ မျိုးရှိတယ် ” လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ မြို့တော်ဝန်မဏ္ဏပ်တွေ၊ တိုင်းအစိုးရ မဏ္ဍပ်တွေအပါအဝင် လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရာတွေလည်း စစ်ကောင်စီ က လုံခြုံရေးအပြည့်နဲ့ စတင်ဆောက်လုပ်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
 
ဒီအခြေအနေတွေကြားမှာပဲ ရန်ကုန်မြို့က မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း ပြည်သူ့ဥယျာဉ်ထဲမှာ တည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းရဲစခန်းရှေ့က သင်္ကြန်မဏ္ဍပ်တွေ မနေ့ ဧပြီ ၈ ရက်ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Dark Shadow (YGN UG)က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ည ခုနစ်နာရီဝန်းကျင်မှာ အဝေးထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါဟာ အခုနှစ်စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကာလအတွက် ပထမဆုံး ဖောက်ခွဲတိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ အခုလိုတိုက်ခိုက်မှုတွေ အချိန်မရွေး ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။
 
တဖက်မှာလည်း စစ်တပ်စစ်ကြောင်းထိုးဖိနှိပ်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့လို အညာဒေသတွေဘက်မှာတော့ မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကို တော်လှန်သင်္ကြန်အဖြစ်ပဲ ဆင်နွှဲဖို့ ပြင်ဆင်ထားကြပေမယ့် စစ်တပ်ရဲ့ စစ်ကြောင်းထိုးဖိနှိပ်မှုတွေကိုတော့ မှန်းဆမရတဲ့အခြေအနေ ဖြစ်နေပါတယ်။
 
“ အဲဒီသင်္ကြန်ကာလမှာ စစ်ကြောင်းမထိုးရင်တော့ အညာတော်လှန်သင်္ကြန်တော့ လုပ်ဖြစ်မယ်ဗျာ၊ အကယ်၍စစ်ကြောင်းထိုးရင်တော့ သင်္ကြန်ကာလလည်း သင်္ကြန်ကို သင်္ကြန်လို မဖြတ်သန်းပဲနဲ့ ပြေးရလွှားရအုန်းမှာပါ။ ဒါကလည်း စစ်ကြောင်း မထိုးချင်း ထိုးချင်းအပေါ်မှာ မူတည်နေပါတယ်။ အခြေအနေအရပေါ်မူတည်ပြီးတော့ပဲ ကျွန်တော်တို့ရဲ့ အညာပြည်သူပြည်သားတွေ တော်လှန်သင်္ကြန်ကိုပဲ ဖန်တီးဖြစ်မလား၊ စစ်တပ်တွေက စစ်ကြောင်းထိုးလာလို့ ပြေးရလွှားရမလားဆိုတာက တိတိကျကျတော့ မရှိသေးပါဘူး၊ ကျွန်တော်တို့ကလည်း ပြေးဖို့အတွက်လည်း အထုပ်တွေ အဆင်သင့်ပြင်ထားရတယ်၊ ဒါတွေက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရာတွေပေါ့၊ ပြေးရင်းနဲ့ စစ်ရှောင်တော်လှန်သင်္ကြန်ဆိုပြီးတော့ လုပ်ဖြစ်ရင်လည်း လုပ်မယ်” လို့ မုံရွာလူထုသပိတ်ဦးဆောင်သူ မချောစုဟန်က ပြောပါတယ်။
 
ပြည်တွင်းမှာတော့ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို မကျင်းပခဲ့သလို စစ်တပ်အာဏာသိမ်းပြီး နောက်မှာလည်း သင်္ကြန်ပွဲတော်ကို တော်လှန်သကြန်အဖြစ် ပြည်သူတွေက ဆန့်ကျင်ခဲ့ကြပါတယ်။
 
တဖက်မှာလည်း လက်ရှိ စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းလိုသူတွေရဲ့ မတူညီတဲ့အမြင်တွေလည်းရှိနေပါတယ်။
 
“ သင်္ကြန်မဖြစ်တာလည်း သုံးနှစ်ကျော်လောက်ရှိပြီပေါ့နော်၊ အရှေ့မှာကလည်း ကိုဗစ်ကြောင့် ၂ နှစ် သင်္ကြန်မရှိဘူး၊ ပြီးခဲ့တဲ့နှစ်တွေကလည်း စစ်အာဏာသိမ်းတစ်နှစ်ဆိုတော့ စုပေါင်း ၃ နှစ်လောက် မြန်မာ့ရိုးရာမကျင်းပဖြစ်တာပေါ့လေ၊ ကျွန်တော်တို့လည်း မလည်ဖြစ်ဘူးပေါ့၊ ဒီနှစ်မှာတော့ စစ်ကောင်စီလုပ်မယ့်သင်္ကြန်ကို ပါဝင်ဆင်နွှဲတာတော့ မဟုတ်ဘူးပေါ့၊ ကျွန်တော်တို့ ကားနဲ့ မြို့ထဲလျှောက်လည်မယ်၊ ဗဟိုမဏ္ဍပ်အရှေ့မှာ သွားပြီး ရေပက်ခံထွက်မယ်၊ အဲလိုမျိုးတော့ အစီအစဉ်မရှိဘူး၊ ကျွန်တော်တို့တွေလည်း မွန်းကြပ်ခဲ့တဲ့ အချိန်တွေလည်း များနေပြီပေါ့လေ၊ စိတ်ပြေလက်ပျောက်ပေါ့ဗျာ၊ ကိုယ့်အိမ်ရှေ့မှာ မိသားစုအလိုက် မုန့်တွေ လုပ်စားကြမယ်၊ ရပ်ကွက်ထဲက လူတွေလောက်ပဲ ရေပက်ပြီးတော့ နည်းနည်းပါးပါး အပန်းဖြေမယ်ပေါ့၊ ဒီနှစ်သင်္ကြန်ကို အဲလိုမျိုးလုပ်ဖို့ စဉ်းစားထားတယ် ” လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတဝန်းမှာ ပုံစံမျိုးစုံနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဆောင်ပေမယ့် အာဏာသိမ်းမှုနဲ့ အထွေထွေအကျပ်အတည်းကြားမှာ လူနည်းစုသာ စစ်ကောင်စီရဲ့ပျော်ပွဲရွင်ပွဲတွေကြား လိုက်ပါခဲ့ကြတာ တွေ့ရပါတယ်။
 
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ တောင်းဆိုချက်အတိုင်း အသံတိတ်သပိတ်၊ တော်လှန်သကြန်စတာတွေကို လူအများစုက လိုက်ပါလုပ်ဆောင်ကြပြီး စစ်တပ်က ဖိနှိပ်မှုတွေ ပြန်လုပ်ဆောင်လေ့ရှိပါတယ်။
ဓာတ်ပုံ – CJ / MOHS