ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများတယ်လို့ဆို

မေ၊ ၂၈
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၂၇ ရက် မနေ့ကမနက်ပိုင်းမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုများပြားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
” သူတို့က မိုင်းကွင်းထဲကို ဝင်လာတာမှာ မိုင်းဆွဲတာ။ မိုင်းဆွဲလိုက်တာမှာ ဆယ့်ရှစ်ယောက်လောက်လဲကျသွားတာ။ ဒါက မိုင်းဆွဲတဲ့ ရဲဘော်ကိုယ်တိုင်မြင်တာ ” လို့ တော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။
 
အင်အား (၈၀) ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ကလေးမြို့အရှေ့တောင်ဘက် ပေါက်ခုံကျေးရွာဝန်းကျင်မှာ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ )နဲ့ မြို့ပြစီမံချက်ပျောက်ကြား (UG) အဖွဲ့တို့က မနက် ၈ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ပွင့်ဗိုလ်တဦးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်နှစ်ဆယ်ကျော် သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားကြပါတယ်။
 
စစ်ကောင်စီတပ်သား အသေအပျောက်စာရင်းနဲ့ပတ်သက်ပြီး Delta News Agency သတင်းဌာနက သီးခြားအတည်ပြုမပြုနိုင်သေးပါဘူး။
 
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သေဆုံးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သယ်ယူပြီး စစ်ကြောင်းပြန်ဆုတ်ခဲ့တယ်လို့သိရပြီး သေဆုံးဒဏ်ရာရ စစ်ကောင်စီအဖွဲ့ဝင်တွေကို သယ်ယူနေတဲ့ ရုပ်သံဖိုင်ကိုလည်း တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ယက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့မိုင်းဆွဲတိုက်ခိုက်တာကြောင့် ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျန်ခဲ့တဲ့ ကျည်ဘောက် သုံးခု၊ ၅ ဒဿမ ၅၆ ကျည် ၆ဝ ကျော်၊ ကျည်အိတ် နဲ့ ဖုန်းသုံးလုံးလုံး အပါအဝင် အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ လည်း ဆိုပါတယ်။
 
ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နေ့လယ် ၁၂ နာရီအချိန် အပြန်လမ်းမှာ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပြီး ထိခိုက်မှုအခြေအနေကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။
 
” မနက်က ပေါက်ခုံဘက်မှာ သူတို့ခံခဲ့ရတော့ ရဟတ်ယာဥ်တွေလည်း တနေကုန် တောက်လျောက်ဝဲနေတာ။ လက်နက်ကြီးတွေနဲ့ ထုတာလည်း ညပိုင်းအထိပဲ ” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့တောင်ဘက်အထွက်က စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့ လူငယ်အချို့ကို ရိုက်နှက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
ဓာတ်ပုံ – Thang Boo / Facebook