ဒီးမော့ဆိုက နှစ်ရက်တာတိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဝင်တဦး ကျဆုံး၊ စစ်အုပ်စု သေဆုံးထိခိုက်မှုများတယ်လို့ဆို

ဧပြီ၊ ၈
 
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေဘက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KA ၊ KNDF ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ရက်တာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများသလို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က တဦးကျဆုံးတယ်လို့ KNDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
 
ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ပေါ်တကြောမှာ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ ဧပြီလ ၄ ရက်နဲ့ ၅ ရက်တို့မှာ တနေကုန်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်နဲ့ လွိုင်ကော်အခြေစိုက်တပ်တွေက လက်နက်ကြီးတွေ အဆမတန်အသုံးပြု ပစ်ကူပေးခဲ့ပြီး ဧပြီလ ၄ ရက် ညနေ ၃ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ကရင်နီပူးပေါင်းတပ်တွေက ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ ကရင်နီပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
 
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၅၁၇) တပ်ရင်းတံဆိပ်နဲ့ ချေးမှုန်းရေးရိုင်ဖယ် သုံးလက်၊ ကျည်ဆံတွေနဲ့ ဆက်စပ်ခဲယမ်းမီးကျောက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား မတ်လကနေ ဒီကနေ့အထိ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတာပါ။ စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်အတွင်းကို ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကနေ စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
 
ကရင်နီဒေသက မတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၈၁ ဦး သေဆုံးပြီး လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နဲ့ ဆက်စပ်ပစ္စည်းအမြောက်အများကို သိမ်းဆည်းရမိတယ်လို့ KNDF က ထုတ်ပြန် ထားပါတယ်။ 
ဓာတ်ပုံ – KNDF