ရွှေကုက္ကိုလ်မြို့ နှစ်ရက်တာတိုက်ပွဲအတွင်း ဂိတ်စခန်းငါးခုထက်မနည်း သိမ်းထားနိုင်ပြီလို့ Lion Battalion စစ်ကြောင်းပြော

ဧပြီ၊ ၆
 
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့မှာ လက်ရှိဖြစ်နေတဲ့ နှစ်ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)ဂိတ်စခန်း ငါးခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီလို့ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။
 
“ လက်ရှိအခြေအနေကတော့ BGF တွေနဲ့ဖြစ်တယ်၊ စခတွေနဲ့ဖြစ်တာမျိုးတော့ မရှိဘူး၊ ကျတဲ့သူတွေရော (စခန်း)ကုန်းတွေလဲ သိမ်းမိတာများတယ်၊ စခတွေဘက်က (မြို့)အဝင်တွေဘက်မှာတော့ အင်အားဖြည့်နေတယ်၊ စစ်ရေးအခြေအနေက ဆက်ပြီးတင်းမာဖို့ပဲရှိတယ်၊ ကျွန်တော်တို့ဖက်ကလဲ ရှေ့ဆက်တိုးဖို့ပဲ ရှိတယ်၊ တခြားစစ်ကြောင်းတွေကလဲ ပူးပေါင်းလာဖို့ပဲရှိတယ်ဆိုတော့ စစ်ရေးတင်းမာဖို့ပဲ ရှိတယ် ” လို့ အဲ့ဒီစစ်ကြောင်းက ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ကမနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေကြတာဖြစ်ပြီး တိုက်ပွဲအတွင်း BGF ဘက်က အကျအဆုံးများကာ လက်နက် (၇၅)ကျော်ရရှိထားတယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဆိုပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာ BGF ဘက်က (၈၅) ဦးထက်မနည်း သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရသလို မြို့တွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
 
“ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး၊ ဖြစ်ဖြစ်ချင်း ပြည်သူတွေကလဲ ထိုင်းကို ရွှေ့သွားတယ်၊ ရွှေကုက္ကိုလ်က အရပ်သားတွေ ဖြစ်ဖြစ်ချင်းနေ့မှာတော့ ပြည်သူတွေ အသွားအလာဆင်ခြင်ဖို့ BGF က လိုက်လှုံ့ဆော်တာတော့ ရှိတယ်၊ ရွှေကုက္ကိုလ်မှာလုပ်တဲ့ အစောင့်တွေကို လက်နက်တွေဆင်ပြီး သူတို့နေရာတွေမှာ ထားတာ ရှိတယ်၊ ခုက တိုက်ပွဲလဲဖြစ်နေတယ် ဂိတ်တွေလဲ သိမ်းထားတော့ ကျည်အင်အားဖြည်ဖို့ လိုနေတယ် ” လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ကော်သူးလေအာမီ (KTLA)လက်အောက်ခံ Lion Battalion Commando စစ်ကြောင်းအပါအဝင် ကရင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရွှေကုက္ကိုလ်မြို့ထီးဝါးပလော၊ ထီးကော်ထောကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
 
လက်ရှိအချိန်အထိလည်း စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Lion Battalion Commando