သာကေတမြို့နယ်မှာ ဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးတလကြာတဲ့အထိအဆက်အ သွယ်မရသေး

ဧပြီ၊ ၄

ရန်ကုန်မြို့၊သာကေတမြို့နယ်မှာ ဂျပန်နိုင်ငံကိုအလုပ်သွားလုပ်ဖို့ သင်တန်းတက်နေတဲ့ လူငယ်နှစ်ဦးကို မတ်လ ၄ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ရာ တလကြာတဲ့လက်ရှိအချိန်အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ နီးစပ်သူတွေက DNAကိုပြောပါတယ်။

“မနေ့က မနက်ပိုင်းက သူတို့နှစ်ယောက်ကသင်တန်းသွားဖို့ဆိုပြီး ထွက်သွားတာ ။ပြန်ရောက်မလာလို့ စုံစမ်းကြည့်လိုက်တော့ သူတို့ကိုစစ်ကောင်စီတပ်က ဖမ်းသွားတာတွေ့လိုက်တယ်လို့ မြင်တဲ့သူတွေကပြောတယ်။အခုအချိန်အထိလည်း ဘယ်ကိုဖမ်းသွားလည်းဆိုတာမသိရသေးဘူး။ပျောက်နေတယ်”လို့ အဖမ်းခံရတဲ့လူငယ်နှစ်ဦးနဲ့နီးစပ်သူက ပြောပါတယ်။

မတ်လ ၄ရက် မနက် ၁၀ခန့်က လူငယ်နှစ်ဦးဟာ ဂျပန်စာသင်တန်းတက်ရောက်ဖို့အတွက် သင်တန်းကိုအသွားမှာ သာကေတမြို့နယ် ၊ကျောက်တိုင် ၊မင်းနန္ဒာအိမ်ရာရှေ့နားမှာ စစ်ကောင်စီတပ်၊ရဲနဲ့ယာဥ်ထိန်းတွေက လူငယ်နှစ်ဦးကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ မြင်မျက်တွေ့ရှိခဲ့သူရဲ့ပြောပြချက်အရ လူငယ်နှစ်ဦးနဲ့နီးစပ်သူကပြောပါတယ်။

“သူ့ပြောတာက ရဲနဲ့စစ်တပ်က အိတ်တွေကိုစစ်ပြီး ဖမ်းသွားတာကိုတွေ့လိုက်တယ်လို့ပြောတယ်။ကျွန်တော်တို့လည်း သတင်းရရခြင်းလိုက်သွားတာ။အာမခံဖို့ပေါ့။သွားတဲ့အခါကျတော့မတွေ့တော့ဘူး။မေးကြည့်တော့လည်း မသိဘူးလို့ပဲပြောတယ်”လို့ နီးစပ်သူတွေက ပြောပါတယ်။

လူငယ်နှစ်ဦးဟာ ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ဂျပန်စာသင်တန်းကို တက်ရောက်နေတာဟာ ၅လ ခန့်ရှိပြီး စစ်ကောင်စီတပ်တွေက ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ အခုအချိန်အထိမသိသေးရသေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှုတော့ လူငယ်နှစ်ဦးရဲ့မိသားစုဝင်တွေကလည်း ဖမ်းဆီးပို့ဆောင်ခံရတဲ့နေရာကို စုံစမ်းရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ အဲ့ဒိနီးစပ်သူတဦးက ပြောပါတယ်။

သာကေတမြို့နယ်အတွင်းနေထိုင်သူတွေကတော့ အဲ့ဒိမြို့နယ်မှာ မတ်လ ၃ရက်နေ့ညပိုင်းက ပေါက်ကွဲမီုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက မတ်လ ၄ရက်နေ့မှာ ယာဥ်တွေကိုရှာဖွေစစ်ဆေးနေချိန် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယနဲ့ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။