သက်တမ်းအလိုက် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုရဲ့ အိမ်ရှင်လျာထားချက်တွေကို ဖီဖာ ဆက်တိုက် ပယ်ဖျက်

ဧပြီ၊ ၄

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဟာ သက်တမ်းအလိုက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နှစ်ခုရဲ့ အိမ်ရှင်နိုင်ငံ သတ်မှတ်ချက်တွေကို ရက်ပိုင်းအတွင်း ဆက်တိုက် ပယ်ဖျက် ရုပ်သိမ်းခဲ့ပါတယ်။

ဧပြီ ၃ ရက်မှာ ဖီဖာက ပီရူးနိုင်ငံရဲ့ အသက် ၁၇ နှစ်အောက် (U-17) ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ပါတယ်။ တောင်အမေရိက ဒေသတွင်း နိုင်ငံဟာ ပြိုင်ပွဲအတွက် ကတိပြုထားတဲ့ အခြေခံ အဆောက်အအုံ စံနှုန်းတွေ ပြည့်မီအောင် မဖြည့်ဆည်းနိုင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ ဖီဖာက အကြောင်းပြပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်ထိ ကျင်းပမယ့် U-17 ကမ္ဘာ့ဖလားအတွက် အိမ်ရှင်နိုင်ငံသစ် တခုကို အခုအခါမှာ ဖီဖာ အနေနဲ့ အစားထိုး ရှာဖွေသွားတော့မှာ ဖြစ်ပါတယ်။ ပီရူးဟာ ကတိကဝတ် ထားရှိတဲ့ အခြေခံ အဆောက်အအုံ စံနှုန်းတွေအတိုင်း ပြည့်မီအောင် မတည်ဆောက်နိုင်ခဲ့ဘူးလို့ ဖီဖာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖီဖာနဲ့ ပီရူး ဘောလုံးအဖွဲ့ချုပ်တို့ကြားမှာ အရမ်းအားကောင်း ခိုင်မာတဲ့ ဆက်ဆံရေးမျိုး ဆက်လက် တည်ရှိနေတဲ့တိုင် ပီရူး အနေနဲ့ လက်ကျန် အချိန်ကာလအတွင်း ပြိုင်ပွဲအတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ အပြီးသတ်နိုင်မယ်လို့ ယုံကြည်တာကြောင့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့ကြောင်း ဖီဖာက ဆိုပါတယ်။

ပြီးခဲ့တဲ့လက ပီရူးနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ ဆိုင်ကလုန်း ယာကူဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းကလည်း ကမ္ဘာ့ဖလား အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေးအပေါ် အာရုံလျော့ကျစေခဲ့ပါတယ်။

မတ်လထဲမှာလည်း ဖီဖာဟာ အင်ဒိုနီးရှားရဲ့ အသက် ၂၀ အောက် (U-20) ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ကို ပယ်ဖျက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ မွတ်ဆလင် အများစု နေထိုင်ရာ အင်ဒိုနီးရှားက ပြိုင်ပွဲမှာ အစ္စရေး ပါဝင်မယ့် ကိစ္စကို ခွင့်မပြုနိုင်ကြောင်း ကန့်ကွက်ခဲ့တာကြောင့်ပါ။ အဲဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ခုစလုံးကို ၂၀၂၁ မှာ ကျင်းပဖို့ လျာထားခဲ့ရာက ကပ်ရောဂါ ပြဿနာကြောင့် ၂ နှစ်စာ နောက်ဆုတ်ထားရတာလည်း ဖြစ်ပါတယ်။

Ref: Reuters