ကလေးမြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေ အရေး ပေါ် လိုအပ်နေ

ဧပြီ၊ ၃

စစ်ကောင်စီကစစ်ကြောင်းထိုးနေတာအပြင်၊ လေကြောင်းကနေပစ်ခတ်တာ၊ကလေးမြို့ပေါ်ကနေ လက်နက်ကြီး တွေ နဲ့ပစ်ခတ်နေတာတွေကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူသောင်းချီစစ်ဘေးရှောင်နေကြရပြီး အဲဒီ အထဲက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ် ရှောင်ကူညီနေသူတွေဆီကသိရပါတယ်။

“ရှိတဲ့သူတွေကတော့ ပြေးရင်အဆင်သင့်ဖြစ်အောင် ကြိုတင်စီမံထားကြတာမျိုးရှိတယ်၊ မရှိတဲ့သူတွေကျတော့ အ ကူအညီတောင်းဖို့ ဖုန်းဘေလ်ကစမရှိတာမျိုးဗျ၊ သူတို့အဖို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ပဲအားကိုးစရာရှိတာ” လို့ ကလေးမြို့နယ်မြောက်ပိုင်းစစ်ရှောင်တဦးကပြောပါတယ်။

စစ်ဘေးရှောင်ငါးထောင်ဝန်းကျင်ဟာ အမိုးအကာမရှိတောထဲကသစ်ပင်အောက်တွေမှာနေထိုင်ကြရပြီး အစားအ သောက်အတွက် လောလောဆယ် နီးစပ်ရာကယူပြီးကျွေးမွေးနေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ကိုဂျပန်ကြီးကပြောပါတယ်။

“အဓိကလိုအပ်တာကတော့စားစရာပဲဗျ၊အမြန်ပြေးခဲ့ကြရတော့ခြင်ထောင်တွေလည်းမပါဘူး၊အမိုးအကာမရှိ၊ ခြင် ထောင်မရှိတော့ အိပ်မရ၊အိပ်ရေးပျက်နဲ့ လူကမူးနောက်ကြီးဖြစ်နေတော့တာ” လို့စစ်ရှောင်တဦးကပြောပါတယ်။

 ကလေးဒေသဟာ အပူ၊အအေးလွန်ကဲတဲ့ရာသီဥတုရှိပြီး ခြင်ပေါတဲ့အရပ်ဒေသဖြစ်တာကြောင့် အမိုးအကာ မပါ ဘဲနေထိုင်ရရင်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်လာနိုင်တယ်လို့ ဒေသခံကျန်းမာရေးဝန်ထမ်း တဦးကပြော ပါတယ်။

လက်ရှိစစ်ဘေးရှောင်နေရသူတွေထဲမှာ ကျန်းမာရေးချို့တဲ့သူတွေလည်းပါဝင်နေတယ် လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုဂျပန်ကြီးက ပြောပါတယ်။ ကျန်းမာရေးချို့တဲ့သူဦးရေအတိအကျကိုတော့ စာရင်းကောက် ယူနိုင်ခြင်းမရှိသေးပါဘူး။

အများစုက နှာစျေးချောင်းဆိုးဖြစ်တာများတယ်လို့ စစ်ရှောင်တဦးကဆိုပါတယ်။ စစ်ကောင်စီရဲ့ မြေပြင်ရော လေကြောင်းပါစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့်ကလေးမြောက်ပိုင်းကဒေသခံပြည်သူတွေဟာ တော တောင်ထဲကိုပြေးလွားခဲ့ကြရပြီး ကလေးမြို့ပေါ်ကိုပြေးလာတဲ့သူတွေလည်းရှိတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

“ဘုရားကျောင်း၊ဘုန်းကြီးကျောင်းတွေမှာနေကြတယ်၊အမျိုးရှိတဲ့သူကအမျိုးအိမ်ပေါ့၊ကျွန်တော်တို့အခက်အခဲက တောထဲရောက်နေသူတွေနဲ့စာရင်ဘာမဟုတ်ဘူး၊စားဖို့၊အိပ်ဖို့၊ရေချိုးဖို့၊အိမ်သာကစရှိတယ်လေ” လို့ ကလေးမြို့ ပေါ်ကိုရောက်နေတဲ့ စစ်ရှောင်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် လက်ပံချောင်း၊မောက်လင်း၊ချမ်းသာကြီး၊ မြောက်ချော၊ပျဥ်းတောဦးအပါ အဝင် ကလေးမြို့နယ် မြောက်ပိုင်း ကျေးရွာဆယ်ရွာကျော်ကပြည်သူတွေဟာ ရွာတွေကိုစွန့်ခွာပြီးထွက်ပြေးတိမ်း ရှောင်နေကြရတာပါ။

လက်ရှိအခြေအနေတွေအရ စစ်ရှောင်တွေအနေနဲ့ ကျေးရွာတွေကိုဘယ်အချိန်မှာပြန်လည်ဝင် ရောက်နိုင်မယ် ဆိုတာမပြောနိုင်သေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

” ညကလည်းဗျာ တညလုံးလက်နက်ကြီးနဲ့ထုနေတာ၊ ခုမနက်လည်းထုနေတာပဲ၊ကျွန်တော် တို့ဘယ်အချိန်အိမ် ပြန်ရမလဲမပြောတတ်ဘူး” လို့ ကလေးမြို့ပေါ်ကိုရောက်ရှိနေတဲ့စစ်ရှောင်တဦးကပြောပါတယ်။