ကမာရွတ် မြို့နယ် NLD ပါတီရုံးခန်းဆိုင်းဘုတ် စစ်ကောင်စီဖြုတ်ချ

မတ်၊ ၃၁

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ် ၄ ရပ်ကွက်၊ကွမ်းခြံကုန်း ၅ လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့မြို့နယ်ရုံးခန်းဆိုင်းဘုတ်စစ်ကောင်စီတပ်ဖွဲ့တွေကအရပ်ဝတ်တွေနဲ့လာရောက်ဖြုတ်ယူသွားတယ်လို့ NLD ပါတီတာဝန်ရှိသူတဦးကပြောပါတယ်။

“ဒီနေ့နေ့လည်မှာပဲကယန်းပြည်သစ်ရဲ့ဆိုင်းပုဒ်ဖြုတ်သွားတယ်။အဲ့ဒါပြီးတော့ကမာရွတ်၊၄ရပ်ကွက်၊ကွမ်းခြံကုန်းငါးလမ်းမှာရှိတဲ့မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဆိုင်းဘုတ်ကိုဖြုတ်ခိုးသွားတယ်။အထဲအထိဝင်တာတော့မရှိဘူး။နေ့လည်ခင်းကြီးကိုဗျောင်ကျကျလှေကားတွေထောင်ပြီးကားတွေနဲ့ဖြုတ်ခိုးသွားတာ။သူတို့ရဲ့ဆိုက်ကိုအရအနီရောင်မြင်ရင်ကိုကြောက်ပြီးနေ့လည်ကြောင်တောင်လာခိုးသွားတာ”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက DNA ကိုပြောပါတယ်။

ဒါဟာ စစ်ကောင်စီက NLD ပါတီအပါအဝင် ပါတီ၄၀ ကို မတ်လ ၂၈ ရက်က ကော်မရှင်က ပြန်မှတ်ပုံမတင်လို့ ဖျက်သိမ်းတယ်လို့ ကြေညာအပြီး သုံးရက်အကြာမှာ ရန်ကုန်၊ ကမာရွတ်မြို့နယ် NLD ပါတီရုံးဆိုင်းဘုတ်ကို စတင်ဖြုတ်ချတာလည်းဖြစ်ပါတယ်။

 ဒါ့အပြင်ဒီကနေ့တနေ့ထဲမှာပဲ ကမာရွတ်မြို့နယ်ထဲကပဲကယန်းပြည်သစ်ပါတီရဲ့ဆိုင်းဘုတ် ဖြုတ်ချခံခဲ့ရပြီးတော့ ဆိုင်းဘုတ်ဖြုတ်ယူသွားတဲ့သူတွေဟာ ရုံခန်းတွေကိုတော့ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့လဲဆိုပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်ကောင်စီရဲ့အခုလိုလုပ်ရပ်ဟာတရားမဝင်တဲ့လုပ်ရက်ဖြစ်ပြီးစစ်ကောင်စီကလုပ်တဲ့နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြဌာန်းသတ်မှတ်တာ၊ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့တာတွေဟာတရားမဝင်တဲ့လုပ်ရပ်တွေသာဖြစ်တယ်လို့ဦးဘိုဘိုဦးကထပ်ပြောပါတယ်။

အသစ်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ပြန်ပြီးမှတ်ပုံမတင်တဲ့ပါတီတွေ၊ မှတ်ပုံတင်ခွင့်မရတဲ့ပါတီတွေရဲ့ ပါတီပိုင်ပစ္စည်း၊ အဆောက်အဦတွေကို နိုင်ငံပိုင်သိမ်းဆည်းမယ်လို့ ပြဌာန်းပါရှိပါတယ်။

စစ်ကောင်စီဟာ NLDပါတီဝင်ပေါင်း ၁၂၃၅ ဦးကို ဖမ်းဆီးထားပြီး ၂၆ ဦးကတော့ စစ်ကြောရေးစခန်းတွေနဲ့ထောင်တွေထဲမှာ သေဆုံးခဲ့သလို အကြောင်းမဲ့သတ်ဖြတ်ခံရသူပါတီဝင်ပေါင်း ၆၃ ဦးရှိတယ်လို့NLDပါတီက  မတ်လ ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။

ပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်ကိုတော့ စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့အပြင် ၄၇ ဦးရဲ့ နေအိမ်တွေကိုလည်းဝရမ်းကပ်ခံထားရသလို ပါတီရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရုံးတွေကို အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လည်းပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် ၄၇၆ နေရာမှာ ပြည်သူ့လွှတ်တော် ၂၅၈ ဦး၊ အမျိုးသားလွှတ်တော် ၁၃၈ ဦး စုုစုပေါင်း ၃၉၆ နေရာ အပြတ်အသတ်နိုင်ခဲ့ပေမယ့် မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းထားတာပါ။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာဝင်မပြိုင်လို့ ပါတီဖျက်သိမ်းခံရပေမယ့် အခုလို ရုံးခန်းဆိုင်းဘုတ်ဖြုတ်တာမျိုးမရှိခဲ့ပါဘူး။