မတ်၊ ၃၀
ယူကရိန်း နိုင်ငံကို လာရောက် လည်ပတ်ဖို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ခေါ်လိုက်ပါတယ်။
တကယ်လို့ ရှီသာ လက်ခံမယ်ဆိုရင် ယူကရိန်းကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားလိုကြောင်း၊ သူနဲ့လည်း စကားပြောချင်ကြောင်း AP သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက မှတ်ချက် ပေးသွားပါတယ်။ ရှီဟာ ယူကရိန်းနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ရုရှားနိုင်ငံဆီ လောလောလတ်လတ် သွားရောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ သဘောတူညီမှုတွေ တည်ဆောက်ထားခဲ့ပါတယ်။
ဒါပေမဲ့လည်း စစ်ပွဲရပ်ဆိုင်းဖို့ ကြားဝင် ညှိနှိုင်းပေးလိုတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှီနဲ့တော့ စကားပြောချင်သေးတယ်လို့ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ ဇီလန်စကီးဖက်က ကမ်းလှမ်းချက်အပေါ် ရှီက ဘယ်လို သဘောထားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးစရာ မရှိသေးကြောင်း၊ ဒါပေမဲ့ တရုတ်ဟာ စစ်ပွဲကို အကြောင်းပြုပြီး ယူကရိန်း အပါအဝင် ဆက်နွှယ်သူ အားလုံးနဲ့ အဆက်အသွယ် ရှိနေကြောင်း ပြောကြားထားပါတယ်။
APနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ယူကရိန်းဆီ အနောက်မဟာမိတ် နိုင်ငံတွေက ပေးပို့တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တခုဟာ ချွတ်ယွင်းချက်တွေ ပါနေတယ်လို့လည်း ထုတ်ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံက ပေးပို့တဲ့ စနစ်လဲ ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။
ယူကရိန်း စစ်တပ်ဟာ အနောက်နိုင်ငံတွေကနေ ပံ့ပိုးပေးတဲ့ စစ်လက်နက်တွေကို လက်ခံရရှိနေတဲ့တိုင် တချို့ စစ်ဘက်ယန္တရားတွေဟာ တိုက်ပွဲဝင် အဆင့်မှာ အသုံးမပြုနိုင်သေးဘူး ဆိုတာကိုလည်း ဇီလန်စကီးက ဝန်ခံသွားခဲ့ပါတယ်။