ခုနစ်ဂိုး အသွင်းခံရပေမယ့် မက်ဆီက ချီးကျူးသွားလို့ ပျော်နေတဲ့ ဂိုးသမား

မတ်၊ ၃၀

တစ်ပွဲတည်းမှာတင် ၇ ဂိုးထိ အသွင်းခံခဲ့ရပေမယ့် လီယွန်နယ်မက်ဆီက ချီးကျူးတာ ခံခဲ့ရတဲ့အတွက် အရမ်း ဂုဏ်ယူကြောင်း ကူရာကောင်း လက်ရွေးစင် ဂိုးသမား အီလွိုင် ရွမ်းက ပြောကြားခဲ့ပါတယ်။

 ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကာရေဘီယံ ဒေသက ကျွန်းနိုင်ငံငယ်လေးနဲ့ အခုသီတင်းပတ်ထဲမှာ ခြေစမ်းပွဲ ကစားခဲ့တဲ့နောက် ၇-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကလည်း အဲဒီပွဲစဉ်မှာ ရွမ်းရဲ့ ဂိုးပေါက်ထဲကို ၃ ဂိုးထိ သွင်းယူပြီး Hat-Trick ရခဲ့ပါတယ်။

 ပွဲအပြီးမှာတော့ မက်ဆီဟာ ရွမ်းနဲ့ ဂျာစီချင်း အမှတ်တရ လဲလှယ်ရင်း ပြိုင်ဘက် ဂိုးသမားကို ချီးကျူးစကား ဆိုခဲ့တာကြောင့် ရွမ်းတယောက် အပျော်ကြီး ပျော်နေခဲ့တာပါ။

 ၇ ဂိုးထိ အသွင်းခံခဲ့ရပေမယ့် အဲဒီပွဲမှာ အာဂျင်တီးနားရဲ့ အပိုင် အခွင့်အရေး နောက်ထပ် ၉ ကြိမ်လောက်ကို အစွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့အပေါ် မက်ဆီက သူ့ကို ချီးကျူးခဲ့ကြောင်း ရွမ်းက ဂုဏ်ယူစိတ် အပြည့်နဲ့ ဆိုပါတယ်။

 မက်ဆီနဲ့ ဂျာစီချင်း လဲခွင့်ရခဲ့တာ သိပ်ကို ထူးကဲကြောင်း၊ သူ့အတွက်တော့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာသလို ခံစားရကြောင်း၊ မက်ဆီဟာ လူတိုင်းလိုလိုရဲ့ အားပေးမှုကို ခံရသူဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ သူဟာ မက်ဆီနဲ့ ယှဉ်ပြိုင်ခွင့် ရခဲ့ကြောင်း ရွမ်းက ပြောပါတယ်။

 ၇ ဂိုး အသွင်းခံရတာ ခက်ခဲတယ် ဆိုပေမယ့် မက်ဆီရဲ့ ကောင်းမွန်တဲ့ ကန်ချက်တချို့ကိုလည်း သူ့အနေနဲ့ ကာကွယ်ပြနိုင်ခဲ့ကြောင်း၊ ပွဲအပြီးမှာ မက်ဆီက သူ့ရဲ့ ကာကွယ်ပုံတွေ ကောင်းမွန်တာကို ချီးကျူးသွားခဲ့ပြီး သူ့အတွက်တော့ အရမ်း ကြည်နူးရတဲ့ အခိုက်အတန့် ဖြစ်ခဲ့ကြောင်း၊ မက်ဆီရဲ့ ကန်ချက်တွေကို သူကာကွယ်ခဲ့ပုံတွေကို YouTube ​ဝက်ဘ်ဆိုက်မှာ ပြန်တင်မှာဖြစ်ကြောင်း ရွမ်းက သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

 အသက် ၃၄ နှစ်အရွယ် ရွမ်းဟာ အမေရိကန် ဘောလုံးကလပ် ကိုလံဘက်စ် ခရူအသင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေသူပါ။ သူကိုယ်စားပြုတဲ့ ကူရာကောင်း လက်ရွေးစင် ဘောလုံးအသင်းကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၈၈ နေရာမှာ ရပ်တည်နေပါတယ်။