မတ်၊ ၂၉
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအဝင် ပါတီလေးဆယ်ကို ဖျက်သိမ်း တယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ရက်မှာထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံပြန်မတင်တာကြောင့် အဲ့ဒီပါတီတွေကိုဖျက်သိမ်းလိုက်တာပါ။
ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ထူးထူးခြားခြား တိုက်ဆိုင်မှုတွေရှိနေတဲ့ သမိုင်းတကျော့ပြန်လည်ခြင်း လည်းဖြစ်လာပါတယ်။
▪သမိုင်းတကျော့လည်ခြင်း
လွန်ခဲ့တဲ့ (၁၃)နှစ်အကြာ ၂၀၁၀ စက်တင်ဘာလကလည်း NLD ပါတီဟာ ဖျက်သိမ်းကြောင်းကြေညာခံရဖူး ပါတယ်။
အဲ့ဒီတုန်းက ပါတီဖျက်သိမ်းကြောင်း ကြေညာချက်ကိုပြန်ကြည့်ရင် “ပုံ၊သိန်းစိုး ပြည်ထောင်စုရွေး ကောက်ပွဲ ကော် မရှင်ဥက္ကဌ”လို့ တွေ့ရမှာပါ။ အခုတခါ NLD ပါတီအပါအဝင် တခြားပါတီတွေကို ဖျက်သိမ်းကြောင်း ကြေညာချက်ကို တာဝန်ခံထုတ်ပြန်ရသူဟာလည်း အဲ့ဒီဦးသိန်းစိုးပါပဲ။
NLD ပါတီဟာ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ လွှတ်တော်အမတ်ဦးရေအနိုင် ရခဲ့ပေမယ့် အာဏာလွှဲမခံခဲ့ရသလို ပါတီဝင်တွေထောင်ချဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီနောက် နှစ်ပေါင်းသုံးဆယ်တိတိအကြာ ၂၀၂၀ ခုနှစ်မှာ NLD ပါတီဟာ အထွေထွေရွေးကောက်ပွဲ အနိုင်ရပြန်ပါတယ်။၁၉၉၀ ကာလနဲ့ မတူတာကတော့ ဒီအချိန်မှာ NLD ပါတီဟာ အစိုးရအဖွဲ့ဦးဆောင်ဖွဲ့စည်းထားတဲ့ ပါတီအဖြစ် ရှိနေတာပါ။
ဒါပေမယ့် အစိုးရအဖြစ် ရှိနေခြင်းကတောင် NLD ပါတီအဖို့ ပြည်သူပေးတဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ မလုံလောက်ခဲ့ပြန်ပါဘူး။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု ရွေးကောက်ပွဲမသမာမှုတွေ ရှိတယ်လို့ဆိုကာ အာဏာသိမ်းခဲ့ပါတယ်။
ဒီအာဏာသိမ်းမှုကြောင့် NLD ပါတီဟာ ကမ္ဘ့ာနိုင်ငံတွေကြား ရှားရှားပါးပါး ရွေးကောက်ပွဲသုံးခါနိုင်ပြီး နှစ်ခါ အာဏာသိမ်းခံရတဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အငြင်းပွားမှုတွေကြားက ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တာဝန်ယူကြီးကြပ်ခဲ့သူ ဦးသိန်းစိုးကို ကော်မရှင်ဥက္ကဌအဖြစ် ပြန်ခန့်ပါတယ်။
အခုတော့ ဦးသိန်းစိုးဟာ NLD ပါတီကို ဖျက်သိမ်းကြောင်း နှစ်ကြိမ်တိုင်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဖြစ်လာပါတယ်။
NLD ပါတီအပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဟာလည်း ဦးသိန်းစိုးနဲ့ အလားတူ တိုက်ဆိုင်မှုမျိုး ရှိပါတယ်။
နအဖ စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲစည်းမျဉ်းတွေ၊၂၀၀၈ အခြေခံဥပဒေ စတာတွေဟာ မျှတမှုမရှိဘူးဆိုကာ NLD နဲ့ မဟာမိတ်နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမဝင်ဖို့၊ ပါတီမှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အကျိုးဆက်ကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က အဲ့ဒီပါတီတွေကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တာပါ။ မှတ်ပုံပြန်မတင်တာနဲ့ ရွေးကောက်ပွဲမှာ အနည်းဆုံး ဝင်ပြိုင်ဖို့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်အရေအတွက် မပြိုင်နိုင်တာတွေကြောင့် နအဖခေတ်ကော်မရှင်က နိုင်ငံရေးပါတီဆယ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။
ဖျက်သိမ်းခံရတဲ့အထဲမှာ NLD၊ SNLD စတဲ့ပါတီတွေလည်း ပါဝင်ခဲ့တာပါ။
ဒီဖြစ်စဉ်ထဲမှာ နောက်ထပ်ထူးခြားတဲ့ တိုက်ဆိုင်မှုတခုကတော့ ၂၀၁၀တုန်းက NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ဆယ်ခု ဖျက်သိမ်းတဲ့သတင်းကို မြန်မာ့အသံကနေ ကြေညာခဲ့ရတဲ့ ကိုကျော်သက်လင်းဟာ လက်ရှိအာဏာသိမ်းကာလမှာတော့ တော်လှန်ရေး အင်အားစုဝင်တဦးအဖြစ် စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေသူတဦး ဖြစ်နေတာပါ။
၂၀၂၁ စစ်အာဏာသိမ်းချိန်က မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနမှာ သတင်းတင်ဆက်သူ၊ ဦးစီးအရာရှိအဖြစ် ရှိနေတဲ့ ကိုကျော်သက်လင်းဟာ ဌာနကိုစွန့်ခွာ CDM လုပ်ကာ တော်လှန်ရေးထဲ ပါဝင်ခဲ့တာပါ။
အဲ့ဒီလိုမဖြစ်ခဲ့ရင်တော့ ကိုကျော်သက်လင်းတယောက် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းဆိုတဲ့ ကြေညာချက်ကို မြန်မာ့အသံကနေ နောက်ထပ်တခေါက် ကြေညာရကောင်း ကြေညာရနိုင်ပါတယ်။
▪ဖျက်သိမ်းခံရတဲ့ပါတီတွေ
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အရ လက်ရှိဖျက်သိမ်းခံရတဲ့ အထဲမှာ နိုင်ငံရေးပါတီ လေးဆယ်အထိ ပါဝင်ပါတယ်။
ဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ နိုင်ငံရေးပါတီ ခုနစ်ပါတီ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ နိုင်ငံရေးပါတီ (၁၉)ခု ရှိခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ စတဲ့ ၂၀၂၀ အနိုင်ရပါတီတွေဟာ စစ်ကောင်စီကော်မရှင်ဆီမှာ မှတ်ပုံပြန်မတင်ကြပါဘူး။
ဒါ့အပြင် ဒီမိုကရက်တစ်နိုင်ငံရေးရပ်တည်မှုခိုင်မာတယ်လို့ ရှုမြင်ခံထားရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေလည်း မှတ်ပုံပြန်မတင်တာကြောင့် ဖျက်သိမ်းတယ်လို့ ကြေညာခံရပါတယ်။
ဒီလိုဖျက်သိမ်းခံရတာကြောင့် ပါတီလေးဆယ်ဟာ လူထုဘက်ကပါတီတွေလို့ ယူဆပြောဆိုကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့်ဒီအချက်က အပြည့်အဝမမှန်ပါဘူး။
ပါတီနာမည်အသစ်ပြောင်းလိုက်တာ၊ ပါတီချင်းပူးပေါင်းလိုက်တာ တွေကြောင့် အရင်ပါတီ အဟောင်းကို မှတ်ပုံပြန်မတင်တော့တဲ့ ပါတီမျိုးတွေလည်း ဖျက်သိမ်းခံရတဲ့စာရင်းထဲ ပါဝင်နေတာကြောင့်ပါ။
ဖျက်သိမ်းခံပါတီလေးဆယ်ထဲက အနည်းဆုံး ဆယ်ပါတီလောက်ဟာ အဲ့ဒီလို အခြေအနေတွေကြောင့် ဖျက်သိမ်းခံစာရင်းထဲ ပါဝင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပိုမိုတင်းကျပ်လိုက်တဲ့ နိုင်ငံရေးပါတီထူထောင်ခွင့်သတ်မှတ်ချက်ကြောင့် ပါတီအသစ်လေးခုခွဲ ထောင်လိုက်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ပူးပေါင်းလိုက်တဲ့ မအူပင်အမတ်ဟောင်း ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ စတဲ့အမည်တွေကို ဖျက်သိမ်းခံစာရင်းထဲ တွေ့ရမှာပါ။
အမျိုးသားရေးလှုပ်ရှားသူ၊ စစ်တပ်ထောက်ခံသူအဖြစ် လူသိများတဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနဲ့ ၈၈မျိုးဆက် ဒီမိုကရေစီပါတီတို့ဟာလည်း တခြားပါတီတခုနဲ့ ပူးပေါင်းလိုက်ကြတာကြောင့် ဖျက်သိမ်းခံစာရင်းထဲမှာ ပါဝင်နေပါတယ်။
▪ဖျက်သိမ်းခံရတဲ့ပါတီတွေ ဘာဖြစ်မှာလဲ
ပါတီဖျက်သိမ်းကြောင်း ကြေညာခံရတာဟာ နိုင်ငံရေးဖြစ်စဉ်အခြေအနေတွေအရ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တခုလို့သာ ဆိုနိုင်ပြီး နိုင်ငံရေးပြောင်းလဲသွားတာနဲ့အမျှ ပါတီတွေရဲ့ တရားဝင်မှု၊ မဝင်မှုတွေဟာလည်း ပြောင်းလဲသွားတတ်ပါတယ်။
လွန်ခဲ့တဲ့ ကာလတွေမှာလည်း ဒီအခြေအနေကို ကြုံခဲ့ကြရပြီးပါပြီ။ ဖျက်သိမ်းကြောင်းကြေညာခံရမယ်ဆိုတာ သိသိနဲ့ မှတ်ပုံပြန်မတင်ခဲ့တဲ့ ပါတီတွေက တာဝန်ရှိသူတွေကလည်း ဒီအချက်ကို ထုတ်ပြောထားကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ “ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ် ” လို့ စစ်ကောင်စီရဲ့အချုပ်အနှောင်ထဲကနေ ၂၀၂၁ ခုနှစ်အတွင်း သတင်းစကားပါးခဲ့ဖူးပါတယ်။
ဒါပေမယ့် ဖျက်သိမ်းခံရတဲ့ ပါတီတွေနဲ့ပတ်သက်လို့ လက်ရှိ စိုးရိမ်နေကြတဲ့ အချက်တချက်ရှိပါသေးတယ်။
စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၀(က)ပါပြဌာန်းချက်အရ ဖျက်သိမ်းခံပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရနိုင်တဲ့ အခြေအနေရှိနေတာပါ။
ပါတီတခုဟာ ဆန္ဒအလျောက်ဖျက်သိမ်းတာဖြစ်စေ၊ ပယ်ဖျက်ခံရတာဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို အစိုးရက သတ်မှတ်ပေးတဲ့ ဌာန၊ အဖွဲ့အစည်းကို အပ်နှံရမယ်လို့ အဲ့ဒီပုဒ်မမှာ ဖော်ပြထားပါတယ်။
NLD ပါတီတာဝန်ရှိသူတွေကတော့ ပါတီပိုင်ပစ္စည်းတွေပျက်စီးရင် စစ်ကောင်စီတာဝန်ယူရမယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထုတ်ပြောထားကြပါတယ်။
ပါတီချင်းပေါင်းလိုက်တဲ့ပါတီတွေရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ပူးပေါင်းလိုက်တဲ့ပါတီက ဆက်ခံရမှာဖြစ်တာကြောင့် သိမ်းဆည်းခံရမယ့်အရေး စိုးရိမ်ဖို့မလိုပါဘူး။
▪ဘယ်ပါတီတွေမှတ်ပုံတင်ကြလဲ
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ဒီကနေ့အထိ မှတ်ပုံပြန်တင်တာနဲ့ ပါတီထူထောင်ခွင့်လျှောက်တဲ့ ပါတီ (၆၃)ပါတီအထိ ရှိပါတယ်။
ဒီအထဲက ပါတီငါးဆယ်ဟာ မူလပါတီနာမည်အတိုင်း ဆက်လက်ရပ်တည်ဖို့ မှတ်ပုံပြန်တင်တာဖြစ်ပြီး (၁၃)ပါတီကတော့ အသစ်လျှောက်တာ၊ နာမည်ပြောင်းလျှောက်တာတွေ လုပ်ခဲ့တာပါ။
စစ်အာဏာမသိမ်းမီအထိ မြန်မာ့နိုင်ငံရေးပါတီအများစုဟာ ပြည်ထောင်စုတဝန်းလုံးမှာ ရွေးကောက်ပွဲဝင်နိုင်ဖို့ တည်ထောင်ထားတဲ့ ပါတီတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီကပြင်ဆင်ပြဌာန်းတဲ့ ဥပဒေအရ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့်ပါတီအဖြစ် ရပ်တည်ဖို့ မလွယ်တာကြောင့် တိုင်းနဲ့ပြည်နယ် ဒေသတခုကို အခြေပြုရပ်တည်မယ့် ပါတီတွေ များလာပါတယ်။
လက်ရှိမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီတွေထဲက ၁၂ခုသာ ပြည်ထောင်စုတဝန်းလုံးမှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားပြီး ၅၁ ပါတီက တိုင်းနဲ့ပြည်နယ်တွေမှာပဲ အခြေပြုမယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီပါတီခြောက်ဆယ်ကျော်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ (၁၂)ခုသာပါဝင်ပြီး ကျန်တဲ့ ပါတီတွေကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ပါတီတွေနဲ့ အသစ်ထူထောင်တဲ့ပါတီတွေ ဖြစ်ပါတယ်။
တည်ဆဲပါတီတွေကို ပါတီဆက်လက်ရပ်တည်ခွင့်ပြန်လျှောက်ဖို့ခွင့်ပြုပေးထားတဲ့ကာလ ကုန်ဆုံးသွားပြီဖြစ်ပြီး ပါတီတည်ထောင်လိုသူတွေကတော့ ဆက်လက်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ကော်မရှင်က အသိပေးထားပါတယ်။
▪ဒီမိုကရက်တစ်အင်အားစုတွေ ပြန်လာနိုင်ဦးမလား
NLD ပါတီနဲ့ စစ်အုပ်စုကြား လူထုတွေ့ကြုံခဲ့ရတဲ့ သမိုင်းတကျော့လည်ခြင်းတွေထဲ အငြင်းပွားစရာအခိုက် အတန့်ကာလတွေလည်း ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် NLD ပါတီဟာ ၂၀၁၀ တုန်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ညှိနှိုင်းမှုတွေလုပ်နိုင်ခဲ့တဲ့ ၂၀၁၂ကြားဖြတ်မှာတော့ လွှတ်တော်နိုင်ငံရေးလမ်းကို စတင်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာမျိုးပါ။
အခုလည်း NLD အပါအဝင် ဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေဟာ ၂၀၁၀ တုန်းက အခင်းအကျင်းမျိုးနဲ့ ပြန်ကြုံနေကြရတာပါ။
ရွေးကောက်ပွဲမဝင်၊ မှတ်ပုံပြန်မတင်ဖို့ဆုံးဖြတ်၊ ပါတီဖျက်သိမ်းခံရ…။ ထို့နောက် စစ်အုပ်စုက လက်သင့်ရာ နိုင်ငံရေးသမားတွေနဲ့ ရွေးကောက်ပွဲလုပ်၊ အစိုးရဖွဲ့ ဆိုတဲ့ ပုံစံမျိုးပါ။
ဒါပေမယ့် ၂၀၁၀တုန်းကနဲ့ မတူတဲ့ လက်ရှိအခြေအနေကတော့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေတာပါ။ နိုင်ငံတဝန်း အုံနဲ့ကျင်းနဲ့ လက်နက်ကိုင်ခုံတော်လှန်နေသူတွေကြောင့် စစ်အုပ်စုအနေနဲ့လည်း ၂၀၁၀တုန်းကလို အမည်ခံ အရပ်သားအစိုးရ မျှော်လင့်ချက်ကို ပုံဖော်ဖို့ မလွယ်ကူတဲ့အခြေအနေပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးအကျဉ်းချခံထားရပေမယ့် လက်ရှိလက်နက်ကိုင်ခုခံတော်လှန်စစ်အတွင်းမှာ NLD ပါတီဝင်တွေက NUG၊ NUCC တို့လို အခန်းကဏ္ဍတွေမှာအထိ ထဲထဲဝင်ဝင်ပါဝင်နေကြတာပါ။
တဘက်နဲ့တဘက် အမြစ်ဖြတ်ရေး ကြွေးကြော်ထားကြတဲ့ လက်ရှိအခြေအနေမှာတော့ စစ်အုပ်စုနဲ့ NLD ပါတီ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ညှိနှိုင်းသဘောတူညီမှုရပြီး အတိတ်က အခင်းအကျင်းမျိုး ပြန်လည်ပုံဖော်နိုင်ဖို့ဆိုတာတော့ အလှမ်းဝေးလွန်းပါတယ်။
တဘက်မှာလည်း နွေဦးတော်လှန်ရေး အောင်မြင်ရေးရည်မှန်းချက်တွေက ပုံဖော်ဖို့ဆိုတာကလည်း အခက်အခဲတွေ အများအပြားရှိနေပါသေးတယ်။
လက်ရှိအခြေအနေတွေအရကတော့ NLD နဲ့ မဟာမိတ်နိုင်ငံရေးပါတီတွေ ပြန်လာနိုင်ဖို့၊ ဒီမိုကရက်တစ်အင်အားစုတွေ ပြန်ဦးမော့နိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့ ဆိုတာတွေဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကျနေပါတော့တယ်။