မတ်၊ ၂၈
ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ထိန်းချုပ်နယ်မြေ (၇) ခုမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၉၂ ဦး သေဆုံးပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ KNU လူ့အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း KNU ထိန်းချုပ်နယ်မြေတွေထဲ စစ်ကောင်စီတပ်ရဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို စုစည်းဖော်ပြထားတဲ့ “မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန် မှုပျောက်ဆုံးနေသော လူသားဘဝများ” အမည်ရ အစီရင်ခံစာကို မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ထိန်းချုပ်နယ်မြေတွေထဲ စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပုံစံ ၁၉ မျိုးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြိမ်ရေး ၁၄၉၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာ အ ကြမ်း ဖက်မှု၊ လူသားဒိုင်းအဖြစ်အသုံးပြုမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးငွေတောင်းမှု၊ သတ်ဖြတ်မှု စတဲ့ ဖြစ်စဉ် ပုံစံ ၁၉ မျိုးရှိပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတဲ့ဖြစ်စဉ်တွေက အများဆုံးပါဝင်ပါတယ်။
“သူတို့(စစ်ကောင်စီတပ်)ရဲ့ ရည်ရွယ်ချက်ကတော့ စစ်အောင်နိုင်ရေးနဲ့ နယ်မြေစိုးမိုးရေးပေါ့နော်၊အဓိကက စစ် အောင်နိုင်ရေးပဲလို့ နားလည်တယ်”လို့ KNU ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံပဒိုစောကလယ်စေးက ပြော ပါတယ်။
KNU ထိန်းချုပ်နယ်မြေတွေထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်တွေဟာ လက်ရှိ၂၀၂၃ ခုနှစ်အ တွင်း ပိုမိုမြင့်တက်လာတယ်လို့သူကဆိုပါတယ်။KNU လူ့အခွင့်အရေးကော်မတီရဲ့အခုအစီရင်ခံစာမှာတော့ ၂၀၂၁ ကနေ ၂၀၂၂အထိ ဖြစ်စဉ်တွေကိုပဲ ပြုစုဖော်ပြထားတာပါ။
နှစ်နှစ်အတွင်းလူသားဒိုင်းအဖြစ် အသုံပြုဖို့ ဖမ်းဆီးတာနဲ့ မတရားဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၃၀၀ ကျော်ရှိ နေပြီး မလွတ်မြောက်လာတဲ့ ပြည်သူတွေနဲ့ သတင်းအစအန မကြားရတဲ့ အရပ်သားပြည်သူတွေ အများအပြား ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆေးရုံနဲ့ ဘာသာရေးအဆောက်အုံ ၅၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားနေအိမ် ၈၈၀ ကျော်ထိခိုက်ပျက်စီးတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် KNU ထိန်းချုပ်နယ်မြေ (၇)ခုထဲက အရပ်သား ၃၆၀၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒီ နှစ်ထဲမှာ ပိုမိုများပြားလာတယ်လို့ KNU- ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အရပ်သားပြည်သူတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းနဲ့ အာဆီယံနိုင်ငံတွေကိုလည်း တောင်းဆိုထားတာ ရှိတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွေကို ထောက်ပံ့ကူညီဖို့ ဖြစ်ပါတယ်”လို့ သူက ပြောပါ တယ်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေကို လေယာဉ်မပျံသန်းရဇုန်း သတ်မှတ်ဖို့၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ဖို့၊ စစ်ခေါင်းဆောင်တွေရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ စတဲ့အချက် ၁၈ ချက်ကို KNUရဲ့ လူ့အခွင့်အရေး အစီရင်ခံမှာ တောင်းဆိုထားပါတယ်။
“အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြတဲ့အရာအားလုံးသည် ကျွန်တော်တို့ ပြောချင်တာတွေ ဖြစ်သလို မြေပြင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အရာတွေ ဖြစ်တယ်ဆိုတာကိုတော့ ပြောချင်တယ်။ နိုင်ငံတကာအဖွဲ့အစည်း နိုင်ငံတ ကာအစိုးရတွေ ကုလသမဂ္ဂက တာဝန်ရှိတဲ့ သူတွေအားလုံးကို ကျွန်တော်တို့ ပြောတာတွေကို အလေးထား ပေးဖို့ ပေါ့”လို့ KNU- ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပဒိုစောကလယ်စေးက ပြောပါတယ်။
KNU ထိန်းချုပ်နယ်မြေတွေမှာ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၇၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက် မှု ၂၃၀ ကြိမ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၇၅၀ ကျော် ပြုလုပ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အချက်အလက်အခြေပြုသုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP Myanmar ကတော့ စစ်အာဏာသိမ်း ပြီး နောက် နှစ်နှစ်အတွင်း နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၉၀ကျော်မှာ တိုက်ပွဲစုစုပေါင်း ၈၀၀၀ကျော်အထိဖြစ်ခဲ့ပြီး အဲ့ဒီအထဲ က ထက်ဝက်ကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့စစ်ကောင်စီတို့အကြားဖြစ်ခဲ့တာလို့ ဆို ထား ပါတယ်။