မတ်၊ ၂၂
ကရင်နီဒေသ၊ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတပ်မတော်(KA)ကရင်နီအမျိုးသားကာကွယ် ရေးတပ်(KNDF) ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား မနေ့ကတိုက်ပွဲပြင်းထန်ရာမှာ စစ်အုပ်စုဘက်က အထိနာလို့ တနာရီအတွင်း တိုက်လေယာဉ်နှစ်စီးနဲ့ ခြောက်ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်တယ်လို့ ကရင်နီ ပြည်ထဲရေးဝန်ကြီး ခူညေးရယ် ကDNA ကို ပြောပါတယ်။
“တနာရီအတွင်း တိုက်လေယာဉ်နှစ်စီးနဲ့ ခြောက်ကြိမ်လောက် လာပစ်ကူရတယ်လေ၊အဲဒါကြောင့် အထိနာ တယ် လို့ပဲ ပြောတာလေ၊အကျအဆုံးစာရင်းကတော့ အတိအကျ မသိရသေးဘူး”လို့ သူကပြောပါတယ်။
ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့က ဒီးမော့ဆိုမြို့နယ်၊ဒေါတမကြီးကျေးရွာအုပ်စု အ တွင်းမှာ ရှစ်နာရီကျော်ကြာလောက် တိုက်ပွဲဖြစ်ခဲ့ကြပြီး ညနေ ငါးနာရီနဲ့ခြောက်နာရီကြားမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ဘော်လခဲမြို့ အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေပစ်ကူပေးခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ် ပြန်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေဘက်က တဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရကာ စစ်ကောင်စီဘက် ကတော့ ထိခိုက်သေဆုံးမှုများတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ တိုက်ပွဲအတွင်းနှစ် ဘက်ထိခိုက်မှုအခြေအနေကို DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ရှမ်းပြည်နယ်နဲ့ ကရင်နီဒေသနယ်စပ် မိုးဗြဲအရှေ့ခြမ်းမှာလည်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေ ကြား ဒီကနေ့အထိတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။
“ဖယ်ခုံရှေ့ဘက်ခြမ်းမှာဆိုရင် စစ်ကြောင်းသုံးကြောင်းနဲ့ စစ်တပ်က ထိုးနေတာဖြစ်တယ်။ အဲဒါက ရှမ်းကယား နယ်စပ် လွိုင်ကော်နဲ့ နီးတယ်၊အဲ့မှာလည်း သူတို့ အထိနာတယ်၊လွိုင်ကော်ကို ကားနဲ့ဆိုရင် မိနစ်နှစ်ဆယ်၊သုံးဆယ် လောက်ပဲ ဝေးတော့တယ်၊ အဲဒီမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ” ကရင်နီပြည်ထဲရေးဝန်ကြီး ခူညေးရယ် ကပြောပါတယ်။
ဒါ့အပြင် သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ကရင်နီတပ်မတော် (KA) စခန်းဘက်မှာလည်း စစ်ကောင်စီတပ် တွေကလာရောက်ထိုးစစ်ဆင် တိုက်ခိုက်တာ၊ပအိုဝ်းပြည်သူ့စစ်အဖွဲ့PNO/PNA ထိန်းချုပ်နယ်မြေထဲကနေ ရိ က္ခာ လာပို့တဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲတွေ မ ကြာခဏဖြစ်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – KMIC
ပုံစာ – ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ