မတ်၊ ၂၁
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီကို မှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဒုတိယအကြိမ်ဗဟိုအလုပ် ကော်မတီကြားကာလပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအစည်းအဝေးမှာအနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို အလေးထားဆောင်ရွက်ဖို့၊ ပါတီဝင်အချို့ထုတ်ပယ်တဲ့ကိစ္စနဲ့ NLD ပါတီကိုပြန်မှတ်ပုံမတင်ဖို့အပါအဝင် အချက် ၁၁ ချက်ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့တယ်လို့သိရပါတယ်။
‘’အာဏာသိမ်းတာကိုအသိအမှတ်မပြုဘူး။ အာဏာသိမ်းနောက်ဆက်တွဲကိစ္စတွေဖြစ်တဲ့ ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စရပ်တွေကို အသိအမှတ်မပြုဘူးဆိုတဲ့ အထိုင်ကနေ စဉ်းစားတာ’’ လို့ ဦးဘိုဘိုဦးက BBC မြန်မာပိုင်းကို ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိုစဉ်ဆက်မပြတ်ဆောင်ရွက်သွားဖို့ကိုလည်း ဒီကနေ့ အစည်းအဝေးမှာဆုံးဖြတ်ခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းခဲ့တဲ့ ဗဟိုအလုပ်ကော်မတီရဲ့ဆောင်ရွက်ချက်တွေကိုတင်ပြအတည်ပြုခဲ့တယ်လို့လည်း ဦးဘိုဘိုဦးက ဖြေကြားထားပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တရားဝင်ကြေညာမထားသေးပေမယ့် စစ်ကောင်စီဟာ ပါတီတွေကို လာမယ့် မတ်လ ၂၈ ရက်နောက်ဆုံးထားပြီး ပြန်လည်မှတ်ပုံတင်ဖို့ အသိပေးပြောကြားထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီအပါအဝင် ပါတီပေါင်း ၃၂ ပါတီမှတ်ပုံတင်ထားပေမယ့် အင်န်အယ်လ်ဒီပါတီ၊ SNLD ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ပါတီတွေက မှတ်ပုံမတင်ဖို့ဆုံးဖြတ်ထားကြတာပါ။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီပါတီဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အခုလို ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့် စဉ်စားရတဲ့ အကျပ်အတည်းကြုံတွေ့ခဲ့ပြီး ရွေးကောက်ပွဲမဝင်ဖို့ဆုံးဖြတ်ခဲ့ ဖူးပါတယ်။
ဒါပေမယ့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာပြန်လည်မှတ်ပုံတင်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ စစ်တပ်က မဲစာရင်းအကြောင်းပြကာအာဏာထပ်မံသိမ်းယူတာခံထားရတာပါ။
အစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၀ ဦး၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းနဲ့ပြည်နယ်အလုပ်အမှုဆောင် ၂၁ ဦး၊ ဗဟိုရေးရာကော်မတီတွေက ၁၆ ဦးစုစုပေါင်း ပါတီဝင် ၉၀ ဦးတက်ရောက်တယ်လို့လည်းသိရပါတယ်။
ဓာတ်ပုံ – Social Media