ကနီ နဲ့ ခင်ဦးမှာ မိုးရွာသွန်းမှုကြောင့် စစ်ရှောင်သောင်းနဲ့ချီပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်နေ

မတ်၊ ၂၁

စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ မနေ့က မိုးရွာသွန်းမှုအားကောင်းခဲ့တာကြောင့် စစ်ရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ အဲဒီဒေသကလူတွေကပြောပါတယ်။

ခင်ဦးမြို့မှာ မနေ့ကညပိုင်းက လေနဲ့ မိုးနဲ့ကြမ်းခဲ့တာကြောင့် တောထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ ယာယီတဲတချို့ပျက်ဆီးတာတွေရှိခဲ့သလို ဆန်နဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ခင်ဦးဒေသခံ တဦးကပြောပါတယ်။

” မနေ့ညက မိုးကတအားကြီးရွာတာတော့မဟုတ်ဘူး လေတအားတိုက်သွားတာပေါ့။ တဲဆိုတာကလည်း ခိုင်ခိုင်မာမာ ဆောက်ထားတာမျိုးမဟုတ်ဘူးလေ။ မိုးကာလေးအဖြစ်ဆောက်တာဆိုတော့ လေကြမ်းကြမ်းလိုက်တော့ အကုန်လွင့်ကုန်တာပေါ့။ မီးလည်းမရှိတော့ မိုးထဲလေထဲ ဒီအတိုင်းထိုင်နေတယ်။ အခုတော့ မိုးမရွာတော့ပါဘူး ” လို့ သူကပြောပါတယ်။

ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားလို့ ရှောင်နေရတဲ့ ရွာ ၄ ရွာရှိပြီး စစ်ကြောင်းသွားတဲ့လမ်းနဲ့ နီးစပ်လို့ ရှောင်ပြေးနေရတဲ့ ရွာ ၂၇ ရွာနဲ့ နေအိမ်မီးလောင်ပျက်ဆီးသွားလို့ ရွာမပြန်နိုင်တဲ့ကျေးရွာ ၆၉ ရွာက ဒေသခံ သောင်းနဲ့ချီတဲ့လူထုဟ နီးစပ်ရာ စစ်ရှောင်စခန်းတွေနဲ့ တောတွေထဲမှာ အဆင်ပြေသလို နေထိုင်ကြရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူ တဦးကဆိုပါတယ်။

” လေက တော်တော်ကြမ်းသွားတာပေါ့။ အဲတော့ တချို့တလေရဲ့ စစ်ရှောင်အိမ်တွေပျက်ကုန်တယ်။ တအားကြီး ဆိုးဆိုးဝါးဝါးတော့ မကြားမိသေးဘူး။ စစ်ရှောင်က အိမ်မရှိတဲ့လူက တောထဲနေရတာလေ။ စစ်ကြောင်းတွေကတော့ မရှိတော့ဘူး ဒါပေမယ့် အခုထိ အကြောင်းအမျိုးမျိုးနဲ့ စစ်ရှောင်နေရတဲ့လူတွေရှိနေသေးတယ် ” လို့ သူကပြောပါတယ်။

အလာတူးပဲ ကနီနယ်မှာလည်း မိုးရွာသွန်းမှုအားကောင်းနေတာ သုံးရက်လောက်ရှိပြီးဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆန်အပါအဝင် စားနပ်ရိက္ခတွေလည်းရေစိုပျက်ဆီးတာတွေရှိတယ်လို့ ကနီဒေသခံ တဦးကပြောပါတယ်။

” ယင်းမာပင်ဖက်က စစ်ရှောင်တွေလည်းဒီဖက်ရောက်နေတာဆိုတော့ တချို့ကအမိုးအကာတွေလည်း မပါတာတွေရှိတယ်။ ဖြစ်သလိုပဲ ခိုခပ်နေရတယ် ။သူများတဲတွေအိမ်တွေနဲ့နေရတာပေါ့။ မိုးတင်ရွာတာမဟုတ်ဘဲ အခုကမိုးကောလေကောဆိုတော့လအဆင်မပြေကြတာပါ။ စစ်ရှောင်စခန်းဆိုတာကလည်း ဒီဖက်မှာ အတည်တကျဖွင့်မရတော့ အခက်အခဲတွေအများကြီးပဲ ” လို့ သူကပြောပါတယ်။

ခင်ဦးနဲ့ ကနီနယ်တွေမှာ စစ်ကောင်စီက သစ်ကြောင်းထိုးရင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တာကြောင့် အခုအချိန်အထိ ဒေသခံတွေက နေစရာအိမ်မရှိတော့ဘဲ ဖြစ်သလိုနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ရှောင်ဦးရေ ၁ ဒဿမ ၇ သန်းကျော်အထိမြင့်တက်လာပြီးလူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ လူပေါင်းဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ ၁၇  သန်းကျော်ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာဟာ အိမ်ခြေ ၆၀၄၅၉ ရှိပြီး စစ်ကိုင်းတိုင်းက ၄၇၇၇၈ နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အများဆုံးလည်းဖြစ်သလို လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ လူရှစ်သိန်းနီးပါးဟာ စစ်ရှောင်နေရပါတယ်။

စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၄၇ မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားပြီး အာဏာသိ်မ်းမှုကိုဆန့်ကျင်မှုအားကောင်းတဲ့စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်အထိပါဝင်နေတာပါ။

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)