ဒုက္ခသည် ကလေးငယ်တွေကို ကူညီဖို့ ထိုင်းအစိုးရ အရှိန်မြှင့်ရတော့မယ့် အချိန်

မတ်၊ ၂၁

ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ နိုင်ငံတခုပီပီ ထိုင်းမှာ ကရုဏာတရား လက်ကိုင်ထားမှုကို နိုင်ငံရဲ့ အနှစ်သာရ တခုအဖြစ် တန်ဖိုးထား ဂုဏ်ယူကြတာ မဆန်းလှပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ အတော်လေး အဆီအငေါ် မတည့်တဲ့ ကိစ္စက ထိုင်းဟာ ဒုက္ခသည် ကလေးငယ်တွေကို ထောက်ပံ့ ကူညီဖို့အတွက် တရားဝင် ငြင်းဆိုထားတဲ့ တခုတည်းသော နိုင်ငံလည်း ဖြစ်နေပြန်တယ် ဆိုတာပါပဲ။

 ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းရဲ့ ကလေးများဆိုင်ရာ အခွင့်အရေးကို ၁၉၉၂ ခုနှစ်မှာ ပါဝင်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၃ နိုင်ငံထဲမှာ ထိုင်းတနိုင်ငံတည်းကပဲ အပိုဒ် ၂၂ ကို သဘောတူဖို့ ငြင်းဆန်ခဲ့ပါတယ်။ အပိုဒ် ၂၂ ပါ ပြဋ္ဌာန်းချက်ကတော့ နိုင်ငံ ပိုင်နက်မှာ လာရောက် ရွှေ့ပြောင်း ခိုလှုံကြတဲ့ ဒုက္ခသည် ကလေးငယ်တွေကို ကူညီ ကာကွယ်ဖို့ လိုအပ်သမျှ လုပ်ဆောင်ပါ့မယ်လို့ သဘောတူ လိုက်နာခြင်းပဲ ဖြစ်ပါတယ်။

 ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ အနာဂတ် ပျောက်နေတဲ့ မြန်မာ ဒုက္ခသည် ၉၆၀၀၀ လောက် ရှိနေပြီး အဲဒီထဲမှာ လူငယ်တွေ၊ ကလေးတွေ အများကြီး ပါဝင်နေပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ပြီးခဲ့တဲ့နှစ်က စာရင်းကောက်နုတ် ထုတ်ပြန်ချက်တွေအရ အဲဒီ စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည် ထက်ဝက်လောက်ဟာ ကလေးငယ်တွေလို့ သိရပါတယ်။

 မြန်မာနိုင်ငံမှာ လက်ရှိ ဆက်လက် ဖြစ်ပွားနေတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ၊ မဲ့ဟောင်ဆောင်ကနေ ရနောင်းအထိ နယ်စပ်တလျှောက်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ကရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို အားကိုးတကြီး ထွက်ပြေးလာတဲ့ လူထုဟာ အန္တရာယ် ရပ်ဝန်းဆီပဲ ပြန်ပြီး မောင်းထုတ်တာ ခံနေကြရရှာပါတယ်။

 တချိန်တည်းလိုလိုမှာပဲ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပြီးတော့ နိုင်ငံအများအပြားမှာ လူနည်းစု တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကြောင့်လည်း ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချလိုသူတွေဟာ ထိုင်းနိုင်ငံထဲကို ပိုမိုစီးဝင် ရောက်ရှိလာနေပါတယ်။

 ဘန်ကောက်နဲ့ တခြား မြို့ကြီးပြကြီး ဧရိယာတွေမှာ အဲဒီလို ရောက်ရှိလာသူ ၅၀၀၀ ဝန်းကျင်လောက်ထိ များပြားပါတယ်။ သူတို့ဟာ UNHCRမှာ မှတ်ပုံတင် စာရင်းသွင်းခွင့် ရထားပေမယ့်လည်း ပြည်တွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေနဲ့ မြောက်ကိုရီးယားလို နိုင်ငံသားတွေကတော့ အဲဒီ စနစ်ထဲမှာ အကျုံးဝင်ခွင့် မရကြရှာပါဘူး။

 ထိုင်းနိုင်ငံမှာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူ ကလေးငယ်တွေ အများကြီး ရှိနေပြီး ထိရောက်တိကျတဲ့ သီးသန့် အကူအညီတွေ မရဘူးဆိုရင် သူတို့ဟာ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုသူတွေဆီက ခြိမ်းခြောက်မှုကို ကြီးကြီးမားမား ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

 ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း သဘောတူညီမှုထဲက အပိုဒ် ၂၂ ပါ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကို အကြောင်း အမျိုးမျိုးပြပြီး ဆန့်ကျင်နေတာကို ရပ်တန်းက ရပ်ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု ရှုထောင့်ကနေ တွေးတော ရွေးချယ်ခဲ့တဲ့ ရပ်တည်မှုကို ဒီနေ့ထိ ဆုပ်ကိုင်ထားဖို့လည်း မလိုတော့ပါဘူး။

 ပထမဆုံး အနေနဲ့ ဒုက္ခသည် ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ အယူအစွဲနဲ့ ရပ်တည်မှုဟာ ရှေ့ဆက်ပြီး ကြောင်းကျိုး ဆီလျော်မှု မရှိတော့ပါဘူး။ သူတို့ကို ထောက်ပံ့ ကူညီခြင်းက လူသားရေးရာ လုံခြုံမှုကို အားကောင်းစေပြီး ထိုင်းနိုင်ငံကိုလည်း အများကြီး ကောင်းကျိုး ရှိစေပါလိမ့်မယ်။

 ဒုတိယ အချက်ကတော့ အခုလိုမျိုး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေကို အကြောင်းပြုပြီး ထိုင်းလူ့အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကလည်း အတော့်ကို ထိခိုက်နစ်နာခဲ့ရပြီး ဖြစ်ပါတယ်။

 တတိယ ရှုထောင့်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်း ထိုင်းဟာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အခြေချသူတွေ၊ နိုင်ငံမဲ့ ကလေးငယ်တွေကို ကူညီပေးဖို့ တိုးတက်တဲ့ မူဝါဒရေးရာ ပြင်ဆင် ပြောင်းလဲမှု တော်တော်များများကို လုပ်ဆောင်ပြခဲ့ပါတယ်။ ဒါကြောင့် အပိုဒ် ၂၂ ကိုပဲ တသီးတသန့် ထိန်းသိမ်းထားစရာ မလိုတော့ပါဘူး။

 ၂၀၀၅ ခုနှစ်မှာ ထိုင်းအစိုးရဟာ ‘အားလုံးအတွက် ပညာရေး’ဆိုတဲ့ မူဝါဒကို စတင် မိတ်ဆက်ခဲ့ပြီး ပြည်တွင်းမှာ ရှိနေတဲ့ ကလေးငယ်အားလုံး တန်းတူ ပညာသင်ခွင့် ရနိုင်ဖို့ စတင် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ ပေါ်လစီအရ ထိုင်းမှာ ခိုလှုံနေတဲ့ တခြားနိုင်ငံတွေက ကလေးငယ်တွေဟာ ပညာရေးရဲ့ အဆင့်အမျိုးမျိုးမှာ ချိတ်ဆက် သင်ယူခွင့် ရခဲ့သလို အရွယ်ရောက်လာရင်လည်း ဘွဲ့လွန် သင်တန်းတွေအထိ တက်လှမ်းပိုင်ခွင့် ရှိလာပါတယ်။ ပြီးတော့ ထိုင်းကလေးငယ်တွေနည်းတူ အထက်တန်း ပညာရေး အပါအဝင် ၁၅ နှစ်ကြာ အခမဲ့ ပညာသင်ကြားခွင့်ကိုလည်း ရရှိနိုင်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာပဲ ကလေးတွေက ပညာသင်ခွင့် ရခဲ့ပြီး လိုအပ်လာခဲ့ရင် စခန်းပြင်ပမှာ ကျောင်းတက်ဖို့လည်း ခွင့်ပြုချက် လျှောက်ထားနိုင်ပါတယ်။

 ၂၀၁၇ မှာတော့ ရွှေ့ပြောင်း အခြေချသူတွေက မွေးဖွားတဲ့ ကလေးတွေကို နောင်တချိန်မှာ ပြန်လည် ရွှေ့ပြောင်းစေမယ့် တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ဖို့ ဥပဒေတွေ ပြင်ဆင် ပြောင်းလဲပေးခဲ့ပါတယ်။ ဒီအပြောင်းအလဲကြောင့်ပဲ ကလေးတွေဟာ အခုအခါမှာ မိဘတွေနဲ့ ရင်အုပ်မကွာ ဆက်လက် နေထိုင်ခွင့် ရနေကြပါပြီ။ ကလေးတွေရဲ့ မွေးစာရင်းကိုပါ မှတ်ပုံတင်ခွင့် ပြုထားတာကြောင့် သူတို့ဟာ တရားဝင်ခွင့်နဲ့ တခြားအခွင့်အရေးတွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါတယ်။

     ၂၀၁၉ မှာတော့ အစိုးရရဲ့ အေဂျင်စီ ၇ ခုဟာ နယ်နှင်ခံရဖို့ မိဘတွေက စောင့်ဆိုင်းနေရတဲ့ အချိန်မှာ ကလေးတွေကို သီးသန့် ထိန်းသိမ်း ချုပ်နှောင်ထားတာကို ရပ်တန့်ဖို့ သဘောတူ စာချွန်လွှာတရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။ အစိုးရက အဲဒီနှစ်မှာပဲ ဒုက္ခသည်တွေကို စောင့်ကြည့်မှုနဲ့ ပတ်သက်ပြီး သူတို့ကို တရားမ​ဝင် အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတွေနည်းတူ ဖမ်းဆီးတာ၊ နှင်ထုတ်တာမျိုး နည်းလမ်းတွေနဲ့ မဆက်ဆံဖို့အတွက် စည်းမျဉ်းတခု ထုတ်ပြန်ခဲ့ပါတယ်။

 လောလောလတ်လတ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာလည်း ဖိနှိပ်မှုနဲ့ အဓမ္မ ဖိအားပေး ဖယ်ရှားမှု ဆန့်ကျင်ရေးဆိုင်ရာ အက်ဥပဒေသစ် စတင် အသက်ဝင်လာခဲ့ပါတယ်။ အဲဒီ ဥပဒေက ဒုက္ခသည်တွေနဲ့ နယ်မြေသစ် ရှာဖွေ အခြေချသူတွေကို သူတို့ရဲ့ အသက်အန္တရာယ် အမှန်တကယ် စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိနေတဲ့ နိုင်ငံတွေဆီ အတင်းအကျပ် ပြန်လွှတ်တဲ့ လုပ်ရပ်မျိုးကို တားဆီးထားလိုက်ပါတယ်။ အဲဒီ မူဝါဒကနေ သူတို့ရဲ့ ကလေးငယ်တွေလည်း ထပ်တူ ကောင်းကျိုး ခံစားခွင့် ရရှိစေမှာ ဖြစ်ပါတယ်။

ဥပဒေကြောင်းအရ အခုလိုမျိုး မြင်သာတဲ့ တိုးတက်မှုတွေ ရှိလာတဲ့တိုင်အောင် ထိုင်းက ကုလသမဂ္ဂ ကွန်ဗန်းရှင်းရဲ့ ကလေးငယ်များ ကူညီကာကွယ်ရေး သဘောတူညီချက်ကနေ ရှောင်ဖယ်ဖယ် ဆက်လုပ်နေတယ် ဆိုတာက အံ့ဩစရာ ဖြစ်နေပါတယ်။

 လတွေ ကြာညောင်းလာပေမယ့် အဲဒီကိစ္စ ပြောင်းလဲဖို့ လွှတ်တော် ကော်မတီခွဲက အစိုးရ ခွင့်ပြုချက် ရနိုင်တဲ့ထိ ရှေ့မဆက်နိုင်သေးပါဘူး။ အလားတူပဲ ၂၀၁၉ ခုနှစ်မှာ ဒုက္ခသည်တွေကို စောင့်ကြည့်မှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းထားနိုင်ရေး ဥပဒေနဲ့ ကာကွယ်ဖို့ အဆိုကလည်း လက်တွေ့ အသက်ဝင်လာဖို့ ကြန့်ကြာနေပြန်ပါတယ်။

 ဗျူရိုကရေစီ စနစ်ရဲ့ အရှိန်မကုန်သေးမှုတွေက ဒီကိစ္စတွေမှာ အဓိက အတားအဆီးကြီး ဖြစ်နေဆဲပါ။ ကလေးငယ်များ ကူညီကာကွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်နေတဲ့ ရပ်တည်မှုကို ဖယ်ရှားလိုက်မယ် ဆိုရင်တော့ ဗျူရိုကရက်တွေဆီ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတခု ပေးပို့လိုက်တဲ့ အဓိပ္ပါယ်ဖြစ်ပြီး ပိုမိုထိရောက် အားကောင်းတဲ့ အထောက်အပံ့တွေ ဖော်ဆောင်နိုင်ဖို့ အစိုးရရဲ့ အားထုတ်မှုတွေအတွက် တွန်းအားအသစ်တွေ ရရှိလာစေပါလိမ့်မယ်။

ထိုင်းဟာ ကရုဏာတရား လက်ကိုင်ထားမှုနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်ရတော့မယ့် အချိန်မျိုး ရောက်နေပြီး အကူအညီတွေ လိုအပ်နေတဲ့ ကလေးငယ်တွေအတွက် မှန်ကန်တဲ့ အရာတွေကို လုပ်ဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။

photo – Burma Link

 (Bangkok Post သတင်းဌာ၏ Child refugees deserve better ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)