မတ် ၊ ၂၀
မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မတ်လကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့နဲ့ပြောင်းလဲမှုမရှိရင် အရေးယူမယ်ဆိုတာကြောင့် ကညနရုံးတွေမှာ နံပါတ်ပြားပြောင်းလဲလျှောက် ထားသူများပြားနေတယ်လို့ ယာဥ်မောင်းတွေဆီကသိရပါတယ်။
မြို့နယ်နဲ့ ယာဥ်အမျိုးအစားအမည်တွေထပ်တိုးဖော် ပြထားတဲ့ ဖောင်းကြွနံပါတ်ပြားတွေကို ပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာန(ကညန)ကညွန်ကြားထားတာဖြစ်ပါတယ်။
အဲဒီနံပါတ်ပြားတွေကို မတ်လ ၃၁ရက်နောက်ဆုံးထားတပ်ဖို့အသိပေးထားတာကြောင့် ဒီရက်ပိုင်းအတွင်း ကညနရုံးတွေမှာ နံပါတ်ပြားလဲသူတွေနဲ့ ပြည့်နေတယ်လို့ ယာဥ်မောင်းတွေကဆိုပါတယ်။
“မြင်သာရုံးမှာဆိုကားတောင်ရပ်စရာနေရာမရှိဘူး၊နံပါတ်ပြားလာလဲတဲ့သူများလွန်းလို့ရပ်ကွက်လမ်းတွေထဲအထိကိုဝင်ရပ်နေကြရတယ်”လို့ ယာဥ်မောင်းတဦးကပြောပါတယ်။
အဲဒီဖောင်းကြွနံပါတ်ပြားအသစ်တွေကို ၂၀၂၁ ဇူလိုင် ၁ရက်ကစလို့ ပြောင်းလဲတပ်ဆင်ပေးနေတာဖြစ်ပြီး အစပိုင်းမှာပြောင်းလဲလျှောက်ထားသူနည်းပေမယ့် နောက်ဆုံးရက်သတ်မှတ်ပေးလိုက်ပြီးနောက် အလုအယက်လျှောက်လာကြတာလို့ ကညနဆိုင်ရာကိစ္စတွေအတွက် ဝန်ဆောင်မှုပေးနေသူတ ချို့ကဆိုပါတယ်။
“ဒီရက်ထဲမှာ နံပါတ်ပြားပြောင်းတဲ့သူတွေလှိမ့်ဝင်လာတာ၊အဓိက ကတော့အရေးယူခံရမှာစိုးလို့” လို့ ကညန လိုင်စင်ဝန်ဆောင်မှုပေးနေသူတဦးကပြောပါတယ်။
အဲဒီဖောင်းကြွနံပါတ်ပြားအသစ်ကို ဦးစားပေးအနေနဲ့ဌာနဆိုင်ရာယာဥ်၊ မြို့တွင်းခရီးသည်ယာဥ်၊ကုန်တင်ယာဥ်၊တက္ကစီယာဥ်တွေကိုပြောင်းလဲတပ်ဆင်ပေးနေတာဖြစ်ပါတယ်။
အဲဒီယာဥ်တွေအနေနဲ့မတ်လ ၃၁ရက်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ရမှာဖြစ်ပြီး ပုဂ္ဂလိကမော်တော်ယာဥ်တွေအနေနဲ့ ယာဥ်သက်တမ်းတိုးချိန်ဖြစ်စေ၊သက်တမ်းတိုးချိန်မတိုင်ခင်ဖြစ်စေ သက် ဆိုင်ရာကညနရုံးတွေမှာ အမြန်ဆုံးပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီကထုတ်ပြန်ထားတာပါ။
နံပါတ်ပြားပြောင်းလဲမယ်ဆိုရင် ကျပ် တသောင်း ကုန်ကျမှာဖြစ်ပြီး မြင်သာ ကညနရုံးမှာပြုလုပ် မယ်ဆိုရင် နေ့ချင်းပြီးရရှိကာ တခြားကညနရုံး တွေမှာလျှောက်ရင်တော့ငါးရက်လောက်စောင့်ရတယ်လို့သိရပါတယ်။