ရန်ကုန်သင်္ကြန်မှာ ဖျော်ဖြေရေးမဏ္ဍပ်တွေဆောက်ဖို့ စစ်ကောင်စီက ကန်ထရိုက်တွေကို စည်းရုံးနေ

မတ်၊ ၁၆

ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လူစည်ကားမှုကိုပြသလိုတဲ့ စစ်ကောင်စီရဲ့စည်ပင်ဌာနက မဏ္ဍပ် ကန်ထရိုက် လုပ်ခဲ့ ဖူးသူတချို့ကို ဆက်သွယ်ပြီး စည်းရုံးတာတွေလုပ်နေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူ တွေဆီကသိရ ပါတယ်။

 အရင်က နှစ်စဥ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လေ့ရှိခဲ့သူတွေရဲ့စာရင်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီမှာရှိနေပြီး အဲဒီသူတွေကို ဆက်သွယ်တာတွေရှိနေတာလို့ အမည်မဖော်လိုတဲ့မဏ္ဍပ် ကန်ထရိုက် တဦးကDNA ကိုပြောပါတယ်။ “ဒီနယ်ပယ်ထဲကသူတွေဆီကပဲပြန်ကြား၊မဏ္ဍပ်တွေဆောက်ဖို့၊ခွင့်ပြုပေးမယ်ပေါ့၊တော်တော်များများကငြင်းကြတယ်။ဒီလိုကာလကြီးမှာမဏ္ဍပ်တစ်ခုဆောက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ”လို့ သူကပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လိုသူတွေကို ဒီလကုန်အထိ လျှောက်ထားနိုင်တယ်ဆိုပြီးတော့လည်းကြေညာထားပါတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရရော၊ စီးပွား ရေးအကျိုးအမြတ်အတွက်ပါ အဆင်မပြေနိုင်တဲ့အတွက် စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့ဆိုတာမဖြစ်နိုင် ဘူးလို့ ကန်ထရိုက်တချို့ကဆိုပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်သင်္ကြန်စည်ကားဖို့အတွက် ရန်ကုန်တိုင်းအစိုးရမဏ္ဍပ်၊မြို့တော်ဝန် မဏ္ဍပ်၊ဌာနဆိုင် ရာနဲ့ခရိုင်အလိုက်မဏ္ဍပ်တွေဆောက်ဖို့ကြိုးစားနေတယ်လို့လည်း စည်ပင်ဌာနက အမည်မဖော်လိုတဲ့ သတင်းအ ရင်းအမြစ်ဆီကသိရပါတယ်။

အခုနှစ် သင်္ကြန်ကာလအတွက် ပုဂ္ဂလိကစီးပွားဖြစ် သင်္ကြန် မဏ္ဍပ်တွေ အနည်းစုသာရှိနိုင်ပြီး သတ်မှတ်ဝင်ကြေးနဲ့ ခြံဝန်းတွေထဲရေဆော့ကစားပျော်ပါးကြတဲ့ ပါတီဆန်ဆန်ပွဲမျိုးတွေတော့ ရှိနိုင်တယ်လို့ ကန်ထရိုက်တဦးက သူ့ အမြင်ကိုပြောပါတယ်။

“အပျော်ရှာတဲ့လူတန်းစားတစုအတွက်မန်ဘာကြေးနဲ့ ပါတီပွဲမျိုးဟာတွေကတော့ရှိနိုင်တယ်”လို့ သူကဆိုပါတယ်။

ရန်ကုန်မြို့မှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှုတွေကို ၂၀၂၀ COVID-19ကပ်ရောဂါစတင်ကတည်းက ရပ်နားခဲ့တာပါ။အဲ့ဒီမတိုင်ခင်ကတော့ ရန်ကုန်မှာ နှစ်စဥ် ပုဂ္ဂလိက ရေကစားမဏ္ဍပ် (၁၀၀) ကျော်ဆောက်လုပ် ကာသင်္ကြန်ပွဲဆင်နွဲလေ့ရှိခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်းစုအုပ်စုက နှစ်စဉ်သင်္ကြန်ပွဲတော် ပြန်ကျင်းပနေပြီးလူ စည်ကားမှု ကိုပြသနိုင်အောင်ကြိုးစားနေပေမယ့်ပြည်သူအများစုက စစ်ကောင်စီရဲ့အစီအစဉ်အရလုပ်တဲ့ သင်္ကြန်ဖျော် ဖြေ ရေးနဲ့ ပျော်ပွဲရွှင်အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်မှုနည်းပါးနေဆဲဖြစ်ပြီးရပ်ကွက်တချို့မှာတော့ ရေကစားကြတာ မျိုးတွေရှိပါတယ်။

လာမယ့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲတွေမှာ ပူးပေါင်းပါဝင်မှုမလုပ်ကြဖို့ ရန် ကုန်မြို့က ပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း တိုက်တွန်းတောင်းဆို ထားကြပါ တယ်။

စစ်ကောင်စီက စီစဉ်ပြုလုပ်တဲ့ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်တွေပါဝင်ဖျော်ဖြမယ့် ပြည်တွင်း ပြည်ပ ဖျော်ဖြေ ရေး  အဖွဲ့တွေအနေနဲ့လည်း  စစ်ကောင်စီနဲ့မပူးပေါင်းကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန် ချက်တွေ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Google

ပုံစာ – စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို ၂၀၂၂ ခုနှစ်ကတွေ့ရစဉ်