- မြန်မာများက တရုတ်ဟုခေါ်သော တရုတ်များက သူတို့ဘာသာစကားဖြင့် ဟန်လူမျိုးဟုခေါ်ပါသည်။ မြန်မာတို့က ရှမ်းဟုခေါ်သော ရှမ်းများက သူတို့ဘာသာစကားဖြင့် တိုင်း လူမျိုးဟု ခေါ်ပါသည်။ အလားတူပင် မြန်မာတို့က ပလောင်ဟုခေါ်သော ပလောင်များက သူတို့ဘာသာစကားဖြင့် တအန်း လူမျိုးဟု ခေါ်ဆိုကြပါသည်။ တကယ်တော့ မြန်မာသံဖြင့်အန်း ဟူသော အသံထွက်မှာ မတိကျပါ။ တကယ်တော့ အန်း နှင့် အောင်း ကြားထဲက အသံဖြစ်သည်။ ထို့ကြောင့် တအာင်း ဟူ၍လည်း ရေးကြပါသည်။
- ပလောင်တိုင်းရင်းသားတို့ အဓိက စုစည်းနေထိုင်ရာ ဒေသမှာ ရှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်သည်။ တောင်ဘက်တွင် မိုးမိတ် မိုးကုတ် ကျောက်မဲ သီပေါ နယ်အစပ်၊ အရှေ့ဘက်တွင် လားရှိုး မိုင်းရယ် သိန္နီ၊ မြောက်ဘက်တွင် ကွတ်ခိုင် မူစယ်နန့်ဖတ်ကာ၊ အနောက်ဘက်တွင် ရွှေလီမြစ်အကြားရှိ တောင်တန်းဒေသများတွင် ပလောင်အများစု စုစည်းနေထိုင်ကြပါသည်။
- ထို့အပြင် လားရှိုး မူစယ်ကားလမ်းနှင့် တရုတ်နယ်စပ်ကြား အပြင် ကိုးကန့်ဒေသတွင်လည်း ပလောင်များ နေထိုင်ကြသည်။ ထို့ပြင် မိုင်းလုံ မိုင်းရှူး မိုင်းကိုင် ကလော ရပ်စောက် မြို့နယ်မျးတွင်လည်း ပလောင်တိုင်းရင်းသားကျေးရွာများကိုပျံ့နှံ့နေထိုင်ကြသည်။
- အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပလောင် တိုင်းရင်းသားများ အများစု စုစည်းနေထိုင်ကြသည်မှာ နမ့်ဆန် မန်တုန်နမ့်ခမ်း မူစယ် ကွတ်ခိုင် တာမိုးညဲ လားရှိုး သီပေါ နမ္မတူ ကျောက်မဲ မိုးကုတ် မြို့နယ်များတွင် ဖြစ်သည်။ နမ့်ဆန်သည်ကား ပလောင်တို့အတွက် အချက်အခြာမြို့ဖြစ်သည်။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို မောင်မောင်စိုး၏ တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း တစေ့တစောင်း စာအုပ်မှ တိုက်ရိုက်ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို ရန်အောင် စာပေ (၂) က ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေထားပြီး စာမျက်နှာ ၂၃၈ မှ ၂၃၉ အထိ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။