မတ်၊ ၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး နှစ်လအတွင်း လူငါဦး သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံတွေက DNA ကို ပြောပါတယ်။
” ခုဒီမနက် ဆိုင်ကယ်ပေါ်ကနေပဲ ရှေ့ဆိုင်ကယ်ဟာကိုပစ်တာ။ သေတယ်ဗျ။ ဘေးနားက ဆိုင်တွေကော ပိတ်တာပေါ့”လို့ ဒီကနေ့ မနက်ပိုင်းမှာ သတ်ဖြတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်သေဆုံးမှုမဖြစ်ခင် မနေ့ကလည်း ဆိုင်ကယ်စီးလာတဲ့သူကို နောက်ကနေ လိုက်လံပစ်ခတ်လို့ သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
” သူက စစ်တပ်နဲ့ ဆက်စပ်တယ်။ ဆိုင်ကယ်က ပစ်လဲသွားတယ်။ ခေါင်းဆိုတော့ တခါတည်းသေဖို့များတယ်။ စစ်တပ်ကပဲ လာကောက်သွားတယ်” လို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
ဒီလ မတ်လအတွင်းမှာ ကလေးမြို့အနောက်ပိုင်းမှာ ပစ်ခတ်မူတွေ ဆက်တိုက်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့မှာ ဆည်မြောင်းရုံးက စစ်ကောင်စီအဖွဲ့ဝင်တွေ ပစ်ခတ်လို့ လူငယ်တဦးသေဆုံးခဲ့သလို မတ်လ ၃ ရက်နေ့မှာလည်း စစ်ကောင်စီအဖွဲ့ဝင်တွေ ပစ်ခတ်လို့ တဟန်းရပ်ကွက်မှာ နေထိုင်သူတဦးဟာ လက်တဖက်ဆုံးရှုံးခဲ့ရတယ်လို့ ဆွေမျိုးနီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ကတည်းကစပြီး အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပြီး ဒီနှစ် ၂၀၂၃ နှစ်လတာအတွင်းမှာ အရပ်သားငါးဦးထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးတဲ့အရပ်သားငါးဦးမှာ နှစ်ဦးက ဒလန်သတင်းပေးလို့ အမည်ထွက်နေသူတွေဖြစ်ပြီး ကျန်သုံးဦးကတော့ ရပ်ကွက်တွင်း နေထိုင်သူတွေ ဖြစ်ပါတယ်။ အဆိုပါ ငါးဦးသေဆုံးမူအပြင် စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်မူကြား အရပ်သားသုံးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။