အင်းတော်မြို့မှာ ကင်းလှည့်ရဲကားကို မိုင်းထောင်တဲ့ ကာကွယ်ရေးရဲဘော်နှစ်ဦး မိုင်းမတော်တဆဖြစ်ကာကျဆုံး

မတ်၊ ၃

စစ်ကိုင်းတိုင်း၊အင်းတော်မြို့ ၊လမ်းဆုံမီးပွိုင့်အနီးမှာ ရဲကားကို မိုင်းထောင်ဖောက်ခွဲ့ဖို့ပြင်ဆင်နေတဲ့ရဲဘော်နှစ်ဦးဟာ မတ်လ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာမိုင်းမတော်တဆမူဖြစ်ကာ ကျဆုံးခဲ့ရတယ်လို့ Indaw Revolution က ပြောပါတယ်။

” ကျဆုံးသွားတဲ့ရဲဘော်နှစ်ယောက်လုံးက အသက်နှစ်ဆယ်ကျော်အရွယ်တွေပါ။ မြို့ပေါ်မှာလှုပ်ရှားနေတာဖြစ်တဲ့အတွက် နာမည်တွေပြောလို့မဖြစ်ဘူး” လို့ Indaw Revolution တာဝန်ရှိသူတဦးကပြောပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်နှစ်ဦးဟာ အင်းတော်မြို့ လမ်းဆုံအနီး ရဲကင်းနားမှာ ရဲကင်းလှည့်ကားကိုတိုက်ခိုက်ဖို့မိုင်းပြင်ဆင်နေစဥ် မတော်တဆပေါက်ကွဲမူဖြစ်ခဲ့ပြီး ရဲဘော်နှစ်ဦးလုံးကျဆုံးခဲ့သလို ရဲကင်းဘာကာတွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အနီးကပ်ပေါက်ကွဲတဲ့အရှိန်ကြောင့် တစစီဖြစ်သွားတဲ့အသားစတွေကိုရဲတွေက လာပြီးကောက်ယူသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

” အဓိက ကကတော့ ပစ္စည်းတွေက save မဖြစ်ဘူး။ ညအမှောင်ထဲမှာလုပ်ကိုင်ရတာရော၊ နည်းပညာအားနည်းချက်ရောကြောင့်ပါ” လို့ Indaw Revolution တာဝန်ရှိသူကပြောပါတယ်။

စစ်အာဏာရှင်ကို လက်နတ်ကိုင်တော်လှန်နေတဲ့ ရဲဘော်တွေဟာ လက်နတ်ထုတ်လုပ်ဖို့စမ်းသပ်နေတုန်း၊ မိုင်းထောင်တုန်းမှာ ပေါက်ကွဲတာ စတဲ့ မတောိတဆမှုတွေကြောင့် သေဆုံးမှုတွေမကြာခဏဖြစ်တာရှိပါတယ်။

အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီက အင်အားတိုးချဲ့ဖို့လုပ်နေတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

” မြို့ထဲက ဂျန်ပန်ဆေးရုံဟောင်းတပ်ကုန်းက ကျဥ်းတယ်။ သူတို့မြို့ပြင်သုံးမိုင်လောက်အကွာက ဒီထက်ကျယ်တဲ့တောင်ကုန်းမှာ ဘန်ကာတွေ၊ကတုပ်ကျင်းတွေတူးနေတာ” လို့ဒေသခံတဦးကပြောပါတယ်။

ဘန်ကာတွေဆောက်၊ ကတုပ်ကျင်းတွေတူးပြီးပေမယ့် တပ်အထိုင်ချထာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။

” အင်းတော်က စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဘက်ဆက်နေတော့ မြို့ကိုကာကွယ်ဖို့ရော၊ အင်းတော်မြို့နယ် နယ်မြေစိုးမိုးရေးချဲ့ထွင်ဖို့ရော တပ်အထိုင်ချဖို့လုပ်ဆောင်တာဖြစ်မှာပါ” လို့ Indaw Revolution တာဝန်ရှိသူကပြောပါတယ်။

အင်းတော်မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးမကြေငြာခင်ကတည်းက စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မူကြောင့် စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသားတဦးအပါအဝင် မြို့ဝန်းကျင်လယ်တောမှာကောက်စိုက်နေသူတွေပါ သေဆုံးဒဏ်ရာရမူတွေရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အင်းတော်မြို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် အသက် (၇၈) နှစ်အဖွားအိုတဦးအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။