မတ်၊ ၁
ကလေးမြို့နယ်စပ် ကြံသာရွာနှင့် ဂန်ဂေါမြို့နယ်နယ်စပ် ဟံသာဝတီကျေးရွာက တောင်ပိုင်းချင်းလူမျိုးတွေဟာ မြစ်သာမြစ်ရဲ့အရှေ့ဘက်တောင်တန်းပေါ်မှာ တိမ်းရှောင်နေထိုင်နေကြတာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေနဲ့ အဆိုပါတိမ်းရှောင်နေရတဲ့ဒေသခံတွေဆီကသိရပါတယ်။
” တော်တော်ခက်တယ်။ ကျမတို့ဆိုပစ္စည်းသွားပေးရင် သူတို့နေတဲ့တောင်အထိမသွားနိုင်ဘူး။ သူတို့ကိုတောင်အောက်ဘက် ရွာကိုခေါ်ပြီးယူခိုင်းရတယ်” လို့ စစ်ဘေးရှောင်ကူညီသူတဦးကပြောပါတယ်။
ကြံသာရွာနဲ့ဟံသာဝတီကျေးရွာတွေဟာ ပျူစောထီးကျေးရွာတွေဖြစ်ပြီး စစ်အာဏာသိမ်းမူကိုလက်မခံတဲ့ အဆိုပါကျေးရွာနှစ်ရွာက တောင်ပိုင်းချင်းလူမျိုးတွေဟာ ရွာခံပျူစောထီးတွေရဲ့ အန္ဒရာယ်ကြောင့် မြစ်သာမြစ်အရှေ့ဘက် တောင်တန်းတွေပေါ်ကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
” တိုင်းရင်းသားတွေကြီးပဲပြောရမှာဗျ။ ကြံသာကလည်းမင်းတပ်ချင်းတွေ။ ဟံသာဝတီကလည်းမင်းတပ်ချင်းတွေ” လို့ အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ချင်းလူမျိုးအမျိုးသားတဦးကပြောပါတယ်။
စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာနဲ့ အနီးဆုံးရွာဟာ ခုနစ်မိုင်ဝေးပြီး ရွာကိုစျေးဝယ်သွားရင် ဆိုင်ကယ်ကယ်သုံးမိုင်လောက်သာစီးလို့ရပြီး လေးမိုင်လောက်ခြေလျင်လျောက်ရတယ်လို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
အဆိုပါစစ်ဘေးရှောင်စခန်းမှာ နေအိမ်(တဲ) သုံးဆယ့်ငါးလုံး၊ လူဦးရေ ၁၅၉ ယောက်ရှိပြီး စားဝတ်နေရေးအတွက် စစ်ဘေးရှောင်အလှူရှင်တချို့ရဲ့လှူဒါန်းမူအပြင် နေထိုင်တဲ့နေရာမှာ တောယာခုတ်ထွင်သီးနှံစိုက်ပြီး စားသောက်နေကြရတာဖြစ်တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
” တစ်နှစ်စာတော့မလောက်ဘူး။ အဲ့လိုပြေးရင်းရှောင်ရင်းနဲ့စိုက်ကြတာဆိုတော့။ သေးသေးမွှားမွှားလေး။ စပါးဆိုလည်းအလွန်ဆုံးမှ နှစ်ဆယ်၊သုံးဆယ်လောက်လေးရကြတာ” လို့ စစ်ရှောင်တဦးကပြောပါတယ်။
စစ်ရှောင်စခန်းကပြည်သူတွေဟာ ကျန်းမာရေးအတွက် စစ်ရှောင်စခန်းက ဆေးပေးခန်းနှင့်တလတခါရောက်လာတတ်တဲ့နယ်လှည့်ဆေးကုသတဲ့အဖွဲ့ကိုအားကိုးနေရတယ်လို့ဆိုပါတယ်။
စစ်ရှောင်စခန်းကဆေးပေးခန်းကို ကျန်မာရေးသင်တန်းတက်ထားတဲ့စခန်းတွင်းက အမျိုးသမီး၊အမျိုးသားလူငယ်သုံးလေးဦးထိုင်ကြတာဖြစ်ပြီး ကလေးတွေရဲ့ပညာသင်ကြားရေးအတွက်လည်းအဆိုပါလူငယ်တွေက သင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။စစ်ရှောင်စခန်းမှာ ပညာရေးအတွက် ကျောင်းတကျောင်းဖွင့်ထားပြီး ကျောင်းသူ၊ကျောင်းသားစုစုပေါင်းသုံးဆယ်ဝန်းကျင်တက်ရောက်နေတယ်လို့သိရပါတယ်။ ကျောင်းအတွက် မိုးကာတွေလိုအပ်နေတယ်လို့လည်းဆိုပါတယ်။
အဆိုပါတောင်ပေါ်ကစစ်ရှောင်စခန်းမှာ အသက်ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုဆယ်ဦးနဲ့ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။
” ဒဏ်ရာရတဲ့ဟာက လွန်ခဲ့တဲ့ခြောက်လလောက်က စစ်ကောင်စီထောင်တဲ့မိုင်းထိတာ။ သားအဖနှစ်ယောက်။ အဖေက မျက်စီလည်းနှစ်ဖက်လုံးကန်းသွားတယ်။ ခြေလက်တွေလည်းမသန်မကောင်းတော့ဘူး။ သမီးဖြစ်သူက မျက်လုံးတဖက်ကန်းသွားတယ်” လို့ စခန်းနေစစ်ရှောင်တဦးကပြောပါတယ်။
ကျေးရွာတွေနဲ့အလှမ်းဝေးပြီး တောတောင်ထဲမှာနှစ်ချီနေကြရတဲ့ စစ်ရှောင်တွေမှာ လိုအပ်ချက်တွေများစွာရှိနေတယ်လို့လည်းသူကပြောပါတယ်။
” အဓိကကတော့မီးပိုင်းဆိုင်ရာလိုအပ်တယ်။ တချို့ကဆိုလာတွေပါလာတယ်။ ဘက်ထရီမရှိဘူး။ ဖယောင်းတိုင်လေးတွေနဲ့နေကြတယ်” လို့ စစ်ရှောင်တဦးကပြောပါတယ်။ လျပ်စစ်မီးမရှိတဲ့အတွက် အမှောင်ထဲမှာပဲနေကြရတာပိုများတယ်လို့ဆိုပါတယ်။
ယခုအချိန်မှာတော့ စစ်ရှောင်စခန်းကသူတွေဟာ တပတ်ကိုတကြိမ်လောက် အနီးဆုံးကျေးရွာကိုသွားပြီး စိုက်ထားတဲ့ပိန်းဥ၊ငရုတ်သီးလေးတွေသွားရောင်းရင်း လိုအပ်တာလေးတွေ ဝယ်ကြတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကျေးရွာကိုစွန့်ခွာရှောင်တိမ်းခဲ့စဥ်က အဆိုပါအရှေ့ဘက်တောင်တန်းစစ်ရှောင်စခန်းမှာ လူဦးရေဒီထက်ပိုများပြီး အဆင်မပြေမူတွေကြောင့် ပြောင်ရွှေ့သွားကြသူတွေလည်းရှိတယ်လို့သိရပါတယ်။
” အရင်ကတနေရာထဲမှာစုပြီးနေကြတာ။ အခုအဲ့လိုနေလို့မရတော့ တနေရာစီသွားနေကြတော့တာ။” လို့ စစ်ရှောင်တဦးကပြောပါတယ်။
အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်သူတွေအဖို့ ခြင်ထောင်တွေ၊ မိုးကာတွေနဲ့ ဆန်၊ဆီ၊ဆားလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်ကူညီသူတဦးကဆိုပါတယ်။
” သူတို့က ဘာလိုအပ်လဲမေးရင် လည်လည်ဝယ်ဝယ်မရှိတာများတယ်” လို့သူကပြောပါတယ်။
ကလေးမြို့နယ်တွင်းမှာစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့မူတွေကြောင့် ပြည်သူငါးသောင်းကျော်ဟာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသဆီကသိရပါတယ်။