ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီတရားရုံးက မတရားအသင်းဆက်သွယ်မှုနဲ့စွဲချက်တင်

ဖေဖော်ဝါရီ၊ ၂၈

ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက KIA နဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ စွဲချက်တင်လိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 စစ်ကောင်စီရဲ့ မြစ်ကြီးနားတရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက်မှာ ဒေါက်တာခလမ်ဆမ်ဆွန် ကို အဲဒီပုဒ်မ အတွက် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲချက်တင်လိုက်တာလို့ ဆိုပါတယ်။

” ဒီကနေ့ အဲဒီပုဒ်မတစ်ခုထဲအတွက်ပဲစစ်ဆေးပြီး တရားရုံးက တရားဝင်လက်ခံပေးလိုက်တာပါ၊ကျန်တဲ့အမှုတွေအတွက် မစစ်ဖြစ်ပါဘူး ” လို့ KBC နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာခလမ်ဆန်ဆွန်ဟာ လက်ရှိမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု ၃ ခုနဲ့ တရားရင်ဆိုင်နေရတာပါ။

ဒေါက်တာခလမ်ဆန်ဆွန်ကို စွဲဆိုထားတဲ့ ကျန်တဲ့ ပုဒ်မတွေအတွက် နောက်တပတ်ရုံးချိန်မှာ ဆက်လက်စစ်ဆေးပြီး စွဲချက်အမိန့်တွေချမှာဖြစ်တယ်လို့ သိရပါတယ်။

“စွဲချက်တင်လိုက်တယ် ဆိုရင် စွပ်စွဲခံရသူက သူမှာ အပြစ်မရှိပါဘူးဆိုတာကို သက်သေပြဖို့ ဆက်လက်စစ်ဆေးတာတွေလုပ်ရတာပေါ့၊ကချင်ဘာသာရေး ခေါင်းဆောင်ကို ကချင်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့လို့တရားစွဲ တယ်ဆိုကတည်းက စစ်ကောင်စီဖက်က ဘယ်လိုအချိုးလုပ်တယ်ဆိုတာ လူထုကနားလည်ပါတယ် ” လို့တရား လွှတ်တော်ရှေ့နေ တဦးက ပြောပါတယ်။

ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကို ထိုင်းနိုင်ငံကိုဆေးကုဖို့ အသွားပြီးခဲ့တဲ့ဒီဇင်ဘာ(၅)ရက်ကမန္တလေးလေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ဗိုလ်တစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတာတွေ လုပ်ခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ပြန်လည်လွတ်ပေးဖို့ စစ်အုပ်စုကို ပြောဆိုထားပါတယ်။

သိက္ခာတော်ရ ခရစ္စယာန်ဘာသာရေး ခေါင်းဆောင် ဒေါက် တာ ခလမ်ဆမ်ဆွန်ဟာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို ဖမ်းဆီးမခံရမီအထိလည်း အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌနဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဥ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ္စယာန် တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ဖို့ စီစဥ်ခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတဲ့အပြင် ၂၀၂၀ နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် မင်းအော င်လှိုင်ရဲ့ မြစ်ကြီးနားမြို့ခရီးစဥ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

Photo – Cincds
ပုံစာ – ၂၀၁၉ခုနှစ်အတွင်း စစ်ခေါင်းဆောင်နဲ့ ဒေါက်တာခလန်ဆမ်ဆွန်တို့တွေ့ဆုံကြစဉ်