င်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်ချပြန်

ဧပြီ၊ ၅

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊အင်းတော်မြို့က CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို ဧပြီလ ၃ ရက်နေ့မှာ အင်းတော် စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂(က)နဲ့ အမှုဖွင့်အရေးယူပြီး အမြင့်ဆုံပြစ်ဒဏ် ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တယ်လို့ Indaw Revolution က ပြောပါတယ်။
 
” မတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ပကဖ အဖွဲ့ဝင်နှစ်ယောက် ဖမ်းခံရတယ်။ သူတို့ဆီကနေ စာရင်းပေါက်ပြီးတော့ အဖမ်းခံရတာ ” လို့ Indaw Revolution တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ပကဖ အဖွဲ့ဝင်နှစ်ယောက်အဖမ်းခံရတဲ့ မတ်လ ၅ ရက်နေ့မှာပဲ စစ်ကောင်စီအဖွဲ့ဝင်တွေက အင်းတော်မြို့ပေါ်က ပြည်သူနှစ်ဆယ့်သုံးဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” ကျန်တဲ့သူတွေက ရက်အနည်းငယ်ချုပ်ထားပြီး ခံဝန်နဲ့ ပြန်လွတ်တယ်။ ပိုက်ဆံပေးရလား မပေးရလားတော့ သေချာမသိဘူး။ ဆရာမတို့သုံးယောက်ကိုတော့ အမိန့်ချပြီး ကသာထောင်ပို့လိုက်ပြီ။ ပကဖ နှစ်ယောက်ကိုလဲ ပို့လိုက်ပြီ ” လို့ Indaw Revolution တာဝန်ရှိသူက ပြောပါတယ်။
 
ထောင်ဒဏ်တသက်ချခံရသူတွေဟာ အသက်၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
တနိုင်လုံးက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၄၇ မြို့နယ်မှာ အင်းတော်မြို့ပါဝင်တဲ့အတွက် စစ်ဖက်တရားရုံးက အခုလို စီရင်ပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
 
ဖမ်းဆီးခံရတဲ့ အမျိုးသမီးသုံးဦးကို အင်းတော်မှာ ချုပ်နှောင်ထားစဥ် မိသားစုနဲ့ တွေ့ဆုံခွင့်ရပြီး စားစရာမုန့်တွေလည်း ပေးလို့ရခဲ့တယ်လို့ ဆိုပါတယ်။
 
အရင်က အင်းတော်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးသူတွေကို ကသာမြိို့ကိုပို့ပြီး ကသာခရိုင်အဆင့်မှာ စစ်ဆေးမူပြုလုပ်ခဲ့ကြပေမယ့် စစ်အုပ်ချုပ်ရေးကြေငြာပြီးနောက်ပိုင်း အင်းတော်မြို့မှာပဲ စစ်ဆေးတယ်လို့ သိရပါတယ်။
 
စစ်အုပ်ချုပ်ရေးကြေငြာတဲ့ ဒီနှစ်ဖေဖော်ဝါရီလက စလို့ နှစ်လတာအတွင်း အင်းတော်စစ်ခုံရုံးက ပြည်သူငါးဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကိုမင်းမင်းဦးနဲ့ ဧပြီလ ၁ ရက်နေ့က ကိုအေးမင်းထွန်း တို့ကို အင်းတော်စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာ CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တာဖြစ်ပါတယ်။
 
စစ်ကောင်စီက စစ်အုပ်ချပ်ရေးကြေငြာထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း PDF၊ NUG၊ CRPH နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ ၆၈ ဦး ရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာ Fifty Two က ဖော်ပြတဲ့အချက်အလက်အရ သိရပါတယ်။
 
စစ်အာဏာသိမ်းတာကို လက်မခံလို့ သိန်းနဲ့ချီတဲ့ နိုင်ငံဝန်ထမ်းတွေ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့တာမှာ ကျောင်းဆရာ၊ ဆရာမ ၄၃၀ ၀၀၀ ကျော်အနက် ၁၄ ၅ ၀၀၀ ဝန်းကျင်ပါဝင်တယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ CDM ပညာရေးဝန်ထမ်းပေါင်း ၂၅၀ ဦးအထိ ဖမ်းဆီးခံထားရပြီး ၃၅ ဦးဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်အထိ ဖမ်းဆီးထားသူပေါင်း ၁၇၃၃၆ ဦး ရှိပြီး ၅၅၁၆ ဦးကို ထောင်ဒဏ်ချမှတ်ထားတယ်လို့လည်း သိရပါတယ်။ 
ဓာတ်ပုံ – Social Media